Monday, October 1, 2018

ထားဝယ် လေယာဉ်ကွင်း ချုံရှင်းခ ကျပ်သိန်း ၄၀၀၀ ကိစ္စတိုင်းလွှတ်တော်တွင် ရှင်းရမည်၊ ချုံရှင်းခ တစ်ဧက ကျပ် ၁၆ သိန်းခန့် ကျသင့်နေဟု လွှတ်တော်ကိုယ်စားလှယ်ပြော


၂၀၁၇ ခုနှစ် ဇန်နဝါရီလက ထားဝယ်လေယာဉ်ကွင်းချုံရှင်းရန် တိုင်းဒေသကြီးအစိုးရက ငွေကျပ်သိန်း ၄၀၀၀ သုံးစွဲခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတိကျသည့် အချက်အလက် အပြည့်အစုံအား တနင်္သာရီတိုင်းလွှတ်တော်သို့တင်ပြရန် လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။ 
နောက်ထပ်ကျင်းပမည့် အနီးစပ်ဆုံး လွှတ်တော်အစည်းအဝေးတွင်တင်ပြရန် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက စက်တင်ဘာလ ၂၈ ကကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးစာရင်းစစ်ချုပ်အား ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယင်းအစည်းအဝေးကို လွှတ်တော်ဥက္ကဋ္ဌ ခွင့်ယူထားသဖြင့် ဒုတိယဥက္ကဋ္ဌက တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်သည်။ 

တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ယခင် န၀မအကြိမ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။ 

ယင်းအစီရင်ခံစာအပေါ် တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီပွားရေးကော်မတီ၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်များကို ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းက ယခုကျင်းပသည့် ဒဿမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့သည်။ 

စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်များတွင် ထားဝယ်လေယာဉ်ကွင်း သစ်ပင်ချုံနွယ်ရှင်းခြင်း လုပ်ငန်းစာချုပ်တွင် သစ်ပင်ချုံနွယ် ရှင်းလင်းရမည့်ဧရိယာမှာ လေယာဉ်ကွင်း အတွင်း အပြင်ဟုသာပါရှိပြီး ရှင်းလင်းရမည့် ဧရိယာ အကျယ်အဝန်း အတိုင်းအတာ အတိအကျ မပါရှိခြင်း၊ တစ်ဧက ရှင်းလင်းစရိတ် မသတ်မှတ်ထားခြင်း စသည်တို့ကို တွေ့ရှိရကြောင်း ဦးကျော်မင်းက လွှတ်တော်တွင်တင်ပြခဲ့သည်။ 

“စာချုပ်ထဲမှာ အကျယ်အဝန်း ဘယ်လောက်ဆိုတာ မပါဘူး၊ တစ်ဧကကို ဘယ်လောက်နှုန်းနဲ့ ရှင်းတာလဲဆိုတာ စာချုပ်ထဲမှာ မပါဘူး”ဟု ဦးကျော်မင်းက ပြောသည်။ 

အကယ်၍ သစ်ပင်ချုံနွယ် ရှင်းလင်းရမည့် လေယာဉ်ကွင်းဧရိယာမှာ ဧက ၂၅၀ ခန့်ရှိမည်ဆိုပါက ၁ ဧကလျှင် ချုံနွယ်ရှင်းခ ငွေကျပ် ၁၆ သိန်းဝန်ကျင် ကျသင့်နေသဖြင့် သုံးစွဲခဲ့သည့်ငွေပမာဏမှာ အတော်ပင်များပြားနေသည်ဟု ကော်မတီက သုံးသပ်ခဲ့ကြောင်း ဦးကျော်မင်းက ပြောသည်။ 

ထားဝယ်ခရိုင်အတွင်း ဥယျာဉ်ခြံ၊ ရော်ဘာခြံများတွင် တစ်ဧက ချုံရှင်းခမှာ ခြံတွင်ပေါက်ရောက်နေသည့် ချုံနွယ်၊ သစ်ဝါး အနေအထားအရ ကျပ် ၃ သောင်းမှ ကျပ် ၅ သောင်းကြား ပေါက်ဈေးရှိကြောင်း ခြံရှင်နှင့် ခြံလုပ်သားများထံမှ သိရသည်။ 

“တစ်ဧကကို(တော)ကြမ်းဆို လေးသောင်းခွဲ၊ (တော)ချောဆို သုံးသောင်းခွဲ”ဟု ထားဝယ်မြို့လေယာဉ်ကွင်းနှင့် နှစ်မိုင်ခန့်သာ ကွာဝေးသည့် ဇဟာရွာမှ ဥယျာဉ်ခြံပိုင်ရှင်တစ်ဦးက ပြောသည်။ 

ထားဝယ်လေယာဉ်ကွင်း၏ ခြံစည်းရိုးကာရံထားသည့် ဧရိယာမှာ ကောင်းကင်မြေပုံ (Google Earth) တွင် တိုင်းတာချက်များအရ လေဆိပ် အဆောက်အအုံ၊ ကားရပ်နားနေရာ၊ စားသောက်ဆိုင်များအပါအဝင် ဧက ၃၀၀ ဝန်းကျင်ရှိသည်။ 

Google Earth တွင် တိုင်းတာချက်အရ ယင်းဧရိယာ ဧက ၃၀၀ ဝန်းကျင်တွင် ချုံနွယ်မပေါက်နိုင်သည့် လေယာဉ်ပြေးလမ်း၊ ချဉ်းကပ်လမ်း၊ လေယာဉ်ရပ်နားသည့်နေရာ၊ လေဆိပ် အဆောက်အအုံစသဖြင့် နေရာများ၏ စုစုပေါင်း ဧရိယာမှာ ဧက ၅၀ ဝန်းကျင် ပါဝင်သည်။ 

ယင်းကြောင့် လေယာဉ်ကွင်းဧရိယာ အတွင်းချုံနွယ်ရှင်းရမည့် ဧရိယာမှာ ဦးကျော်မင်း ဥပမာပေးသကဲ့သို့ပင် ဧက ၂၅၀ ဝန်းကျင်သာရှိသည်။ 

စာရင်းစစ်ချုပ်ရုံးအနေဖြင့် အစိုးရနှင့် ဌာနဆိုင်ရာမှ ငွေကြေးသုံးစွဲမှုများကို လျော့ရဲမှု ရှိ/ မရှိ၊ မှန်/ မမှန် တို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးရမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။ 

“လုပ်ငန်းပြီးမှ စစ်ရတာမျိုးဖြစ်နေတော့ ကျွန်တော်တို့မှာ အားနည်းချက်ရှိနေတယ်။ လျော့ရဲမှုတွေ မရှိဘဲနေအောင် စာရင်းစစ်ချုပ်က စစ်ရမှာပါ။ လျော့လျော့ရဲရဲ ဖြစ်စေလို့မရဘူး”ဟု ဦးကြည်စိုးက ပြောသည်။ 

အကယ်၍ လျော့လျော့ရဲရဲ လုပ်ဆောင်ခြင်းမျိုး စစ်ဆေးတွေရှိပါက စာရင်းစစ်ချုပ်အားခေါ်ယူကြားနာခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်သည့် အစိုးရဌာနအား ခေါ်ယူကြားနာခြင်းမျိုး လွှတ်တော်မှ လုပ်ဆောင်နိုင်ကြောင်း ၎င်းကပြောသည်။ 

ယင်းလုပ်ငန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အထွေထွေပိုလျှံငွေ (GRF)ဖြင့် တိုင်းအစိုးရက ဦးဆန်နီ၏ F22 Sunny Construction ကုမ္ပဏီအား ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်နေ့ အပြီးလုပ်ဆောင်ရန် ၂၀၁၇ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပြုခဲ့သည်။ 

လေယာဉ်ကွင်းချုံရှင်းမည့်ကိစ္စအား F22 Sunny Construction ကုမ္ပဏီအား တင်ဒါခေါ်ယူခြင်းမပြုဘဲ လုပ်ငန်းအပ်နှံမှု အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအချို့ တင်ဒါခေါ်ယူမှုများတွင် အဂတိလိုက်စားမှုများ ရှိသည်ဟုဆိုကာ ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သမ္မတထံ ၂၀၁၇ မတ်လက တိုင်ကြားခဲ့ဖူးသည်။ 

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဖွဲ့စည်းထားသည့် အထူးစုံစမ်းစစ်ဆေးရေးကော်မတီက တိုင်ကြားစာပေးပို့သူများကို ၂၀၁၇ ခုနှစ် ဧပြီလအတွင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း တိုင်ကြားရာတွင် ပါဝင်ခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

သို့သော် နောက်ထပ် ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာထူးခြားမှု မရှိတော့ကြောင်း ၎င်းကဆိုသည်။ 

လုပ်ငန်းအား F22 Sunny Construction အားပေးခဲ့ရခြင်းမှာ ထားဝယ်တက္ကသိုလ်တွင် ချုံနွယ်များရှင်းလင်းမှုတွင် အစိုးရနှင့် ပေါင်းစပ်လုပ်ကိုင်ပေးခဲ့သည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်သည့်အတွက် ယင်းကုမ္ပဏီအား အခွင့်အရေးပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ၂၀၁၇ ခုနှစ် ဧပြီလတွင် တနင်္သာရီဂျာနယ်သို့ ပြောကြားခဲ့ဖူးသည်။ 

Dawei Watch
The Voice

0 comments:

Post a Comment