အမေရိကန်ဒေါ်လာ ၁၀၀၀ ရှိုးမန်းနီးပြရမည်ဟု သတင်းများထွက်ပေါ်ခဲ့သော ပြည်ဝင်ဗီဇာဆိုင်ရာ ဖြေလျော့မှုများကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး ဖြေလျော့ပေးလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့လာရောက်မည့် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်နှင့် မကာအို တို့မှ ခရီးသွားများအတွက် ဖြေလျော့ပေးလိုက်ခြင်းဖြစ်ပြီး အချိန်ကာလသည် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ စမ်းသပ်ကာလအဖြစ် အကျုံးဝင်မည် ဖြစ်သည်။
"ကျွန်တော်တို့က ခန့်မှန်းခြေအနေနဲ့ ဧည့်လမ်းညွှန်တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် လက်ရှိ ၀င်နေတာ ထက် နောက်ထပ် ၃၀၊ ၄၀ ရာခိုင်နှုန်းလောက်တော့ ထပ်တက်လာမယ်လို့ ကျွန်တော်တို့က မျှော်လင့်တာပေါ့ နော်။ ဗီဇာဖြေလျော့မှုအပေါ်မှာ ထပ်ပြီးတိုးတက်လာဖို့ မျှော်လင့်တယ်။ ဒီနေ့ကတော့ စောသေးတာပေါ့လေ ပထမဦးဆုံးနေ့ဖြစ်နေတဲ့အခါကြတော့" မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း ၏ ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်း က ပြောသည်။
အဆိုပါဖြေလျော့မှုတွင် ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မကာအို တို့မှ ခရီးသွားများကို ကမ္ဘာလှည့် အခမဲ့ဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း ရက်ပေါင်း ၃၀ ကြာ နေထိုင်ခွင့်ပြုမည်ဖြစ်သည်။ တရုတ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ တရုတ်နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာကြေး ကန်ဒေါ်လာ ၅၀ ကောက်ခံသွားမည်ဖြစ်သည်။
"ဗီဇာဖြေလျော့ဖို့အတွက် မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့အဖွဲ့တွေကကြိုးစားခဲ့တာ အခုတော့ အဆင်ပြေ သွားတာပေါ့နော်။ ဗီဇာဖြေလျော့လိုက်တဲ့အတွက်ခရီးသွားတွေ ပိုပြီးတော့လွယ်လွယ်ကူကူဝင်လာနိုင်မှာပေါ့ အဲဒီအတွက်ခရီးသွားလုပ်ငန်းအတွက် ပိုကောင်းတဲ့ တိုးတက်မှုရမယ်လို့ထင်ပါတယ်။ အခုလောလောဆယ်မှာ နိုင်ငံရေးအခြေအနေအရ အနောက်တိုင်းကလာတဲ့ဧည့်သည်တွေလျော့လာတာကြောင့်မို့လို့ အရှေ့တိုင်းက လူတွေကို ပိုပြီးတော့ဖြေလျော့ပေးခြင်းအားဖြင့် တိုင်းပြည်အတွက်အရေးကြီးတယ်ပေါ့နော်" ဟု Get ဒစ်ဂျစ်တယ်ပလက်ဖောင်း၏ အမှုဆောင်အရာရှိချုပ် ကိုငြိမ်းချမ်းစိုးဝင်း က ပြောသည်။
ခရီးသွားTour များတွင် တရုတ်နိုင်ငံသားများက အဓိကသွားလာနေကြ၍ တရုတ်နိုင်ငံသားများကိုလည်း အခြားနိုင်ငံများ နည်းတူ ဖြေလျော့ပေးသင့်ကြောင်း ၄င်းက ဆိုသည်။
မူလက အောက်တိုဘာ ၁ ရက်မှစတင်ကာ သာမန် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ တရုတ်နိုင်ငံ သားများ (ဟောင်ကောင်နှင့် မကာအို)ကို ဆိုက်ရောက်ဗီဇာကြေးတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅၀နှင့် ရှိုးမန်းနီး ကန်ဒေါ်လာ တစ်ထောင်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသားများကို ရှိုးမန်းနီး ကန်ဒေါ်လာ တစ်ထောင် ပြသပြီးမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များမှ တစ်ဆင့် ၀င်ရောက်ခွင့်ပြုမည် ဖြစ်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးသွား ၃ သန်းကျော်ဝင်ရောက်မှုရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပခရီး သွား ၇ သန်းခန့်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခန့်မှန်းထားကာ ပြည်ပခရီးသွား ၀င်ရောက်မှုများတွင် ၃၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှခရီးသွားများဖြစ်ကြောင်း သိရသည်။
mizzima
0 comments:
Post a Comment