ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပိုက်လုံးစုကျေးရွာမှာ ဇူလိုင်လက ဂျိုးဖြူ ပိုက်လုံးပေါ် အမည်မသိအရာကျပြီး ပေါက်ကွဲခဲ့ရာမှ ကလေးငယ် ၁ ဦးဒဏ်ရာရပြီး ၁ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ၃ လကြာတဲ့အထိ ဖြစ်စဉ်အမှန်မပေါ်သေးတဲ့အတွက် ကလေးမိဘတွေက သမ္မတထံ စာရေးတိုက်တွန်းထားပါတယ်။
သေဆုံးတဲ့ကလေးဖခင် ဦးဇော်မင်းဦးက “ဖြစ်တဲ့နေ့က အလုပ်သွားနေချိန် ဖုန်းဝင်လာပြီး ကလေးတွေ မိုးကြိုးပစ်တယ်ပြောတော့ ပြန်ခဲ့တယ်။ ကလေးတွေဆေးရုံခေါ်လာတဲ့ ကားနဲ့ ပြန်လိုက်လာပြီး ရန်ကုန်ကလေးဆေးရုံကို ပို့တဲ့အချိန်သားလေးက လမ်းမှာဆုံးတယ်။ သမီး ကတော့ ဆရာဝန်တွေကောင်းလို့ အသက်ရှင်ခဲ့တယ်။ မိုးကြိုးပစ်တာလို့ပြောကျတော့ ကလေးတွေက မိုးကြိုးပစ်လို့သေတာ မဟုတ်ပါဘူး။ အပေါ်ကနေပေါက်ကွဲစေတဲ့ ပစ္စည်းပြုတ် ကျပြီး သေဆုံးရတာပါ။ သတ္ထုစတွေတွေ့တယ်။ ရဲတွေနဲ့ စစ်တပ်ကလာပြီး ယူသွားတယ်။ ခုချိန်ထိတော့ ဘာဖြစ်တယ်ဆိုတာ မသိရသေးဘူး။ ၃ လရှိပြီ အဖြစ်မှန်ပေါ်စေချင်တယ်။ ရဲတွေနဲ့ စစ်တပ်ကလာပြီး စစ်ဆေးတာတွေရှိတယ်။ ဖြစ်စဉ်အမှန်ဖော်ပေးဖို့ သမ္မတကို စာတင်ထားတယ်”လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အနီးကပ်ရှိသူကိုကျော်ရှိန်းက “မိုးကြိုးပစ်တာ မဟုတ်ဘူး အပေါ်ကနေကျပြီး ပေါက်ကွဲတာပါ။ ပေါက်ကွဲတဲ့အသံက အကျယ်ကြီးကလေးတွေ တကိုယ်လုံး ဇကာပေါက်ဖြစ်သွားတာ။ ဖြစ်တဲ့အချိန်က ရဲနဲ့ စစ်တပ်ကလာပြီး သတ္ထုစတွေကိုယူပြီး နေပြည်တော်ပို့တယ် ပြောတယ်။ ကျနော်တို့ သွားမေးတော့ နေပြည်တော်က အကြောင်း ပြန်တာ လက်နက်မဟုတ်ဘူး မိုးပေါ်ကနေ လေယာဉ်အပိုင်းအစလိုလို့ အာကာသယာဉ်ပျက်ပြီး ပြုတ်ကျတာ လိုလိုပြောတယ်။ ပြီးခဲ့တဲ့ရက်က ကလေးမိဘတွေကိုလာပြီး လက်မှတ်ထိုး ခိုင်းတယ်။ ဌာနဆိုင်ရာတွေနဲ့ ဝန်ကြီးချုပ်က ကလေးတွေကို ထောက်ပံ့တယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ကလေးမိဘတွေက နားမလည်တော့ ထိုးပေးလိုက်တယ်။ ကလေးတွေ ဆေးရုံတက်တုန်းက ရန်ကုန်မြို့တော်ဝန်နဲ့ သဘာဝဘေးအဖွဲ့ကသူတွေ လာပြီးထောက်ပံ့တယ်။ ဝန်ကြီးချုပ်ထောက်ပံ့တယ်ဆိုတာ မဟုတ်ပါဘူး”လို့ပြောပါတယ်။
တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို သွားရောက်မေးမြန်ရာမှာ မြို့နယ်မှူး ခရီးသွားနေလို့ တာဝန်ရှိသူတစ်ဦးကိုမေးမြန်းရာ ဖြစ်ပွားချိန်ကတွေ့ရှိတဲ့သတ္ထု စတွေကို နေပြည်တော်ပို့ပြီး စစ်ဆေးရာ သတ္ထု စတွေဆိုတာတော့မှန်တယ် ဒါပေမဲ့ယမ်းနံမပါဘူးလို့ ပြန်လည်ဖြေကြား ပါတယ်။
၂၀၁၈ ဇူလိုင်လ ၄ ရက်နေ့ညနေ ၆ နာရီလောက်က ဂျိုးဖြူ ပိုက်လုံး ပေါ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီ ပိုက်လုံးစုကျေးရွာနေ အသက် ၉ နှစ်နဲ့ ၇ နှစ်အရွယ် မောင်နှမ နှစ်ဦး ထိမှန်ပြီး အစ်ကိုဖြစ်သူ သေဆုံးခဲ့တာပါ။
အသက်ရှင်ကျန်ခဲ့တဲ့အသက် ၇ နှစ်အရွယ် မမြတ်နိုးလွင်ကတော့ ခုချိန်မှာ သက်သာနေပေမယ့်လည်း ၆ လပြည့်ရင် အဆုတ်အနီးရှိ သတ္ထုစကို ပြန်လည်ခွဲစိပ်ရမှာ ဖြစ်ပါတယ်။
သတင်း – မေသွယ်
DVB
0 comments:
Post a Comment