Saturday, March 30, 2019

မိုးမိတ်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူ ၄ ဒသမ ၈၂၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀၀၀ သိမ်းဆည်းရမိ


မိုးမိတ်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူ ၄ ဒသမ ၈၂၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀၀၀ သိမ်းဆည်းရမိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။ 
မတ် ၂၈ ရက်တွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စု ဘော်ဒေကျေးရွာအနီး မိုးကုတ်-မိုးမိတ်-တွင်းငယ် ကားလမ်းတွင် တွမ်ပီဟွေး (ခ) အောင်အောင် မောင်းနှင်လာသည့် Land Cruiser အမျိုးအစား မော်တော်ယာဉ် ရောက်ရှိလာ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် ကားလမ်း၏ ယာဘက်အခြမ်း တောစပ်သို့ မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးစဉ် မော်တော်ယာဉ်မှာ ရေချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက် သွားခဲ့သည်။ ယင်းနောက် တွမ်ပီဟွေး (ခ) အောင်အောင်အား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိရှာဖွေရာ ယာဉ်၏နောက်ခန်းနှင့် ကြမ်းခင်းအောက်တို့မှ ဆပ်ပြာခွက် ၄၃၉ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၄ ဒသမ ၈၂၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆,၀၀၀ နှင့် ငွေ ၅၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိသဖြင့် တွမ်ပီဟွေး (ခ) အောင်အောင် (၄၂ နှစ်) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထို့ပြင် မတ် ၂၄ ရက်တွင် တပ်မတော် (ရေ) က ကော့သောင်းမြို့နယ် မြောက်တော်ဝင်ကျွန်း အနောက်ဘက် ရေမိုင် ၂၀ မိုင်ခန့် အကွာတွင် တွေ့ရှိသော စက်လှေကို စစ်ဆေးရှာဖွေရာ ၎င်းစက်လှေပေါ်မှ မင်းသိန်း၊ ချစ်လွင်၊ မင်းဇော်၊ အောင်စိုး၊ ဇော်ဝင်း၊ စိန်ဝင်းမောင်နှင့် ကျော်သူဇင်တို့အား အိုက်စ် ၁,၇၃၇ ကီလို၊ Satellite Phone တစ်လုံး၊ GPS SAMSUNG NF ၅၀၀ တစ်လုံး၊ လေအိုးနှစ်လုံးနှင့် လက်ကိုင်ဖုန်းသုံးလုံး သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မတ် ၂၅ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (၄၀) (ရန်ကုန်-မြောက်) နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(၄၂) (ရန်ကုန်-အနောက်) တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးများပိုင်ရှင် တင်ဆန်းဦး ငှားရမ်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း၏ဇနီး မနော်ကေခိုင်အား တွေ့ရှိပြီး ငွေစုဘဏ်စာအုပ် ခုနစ်အုပ်၊ ATM ကတ်နှစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ တောင်ကြီးမြို့နယ် တောင်ကြီး-ကလော ကားလမ်း၊ အောင်သပြေတိုးဂိတ်၌ တင်ဆန်းဦး ပိုင်ဆိုင်သည့် NISSAN အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ် မောင်းနှင်လာသူ ယာဉ်မောင်း မြင့်မြတ်အား လက်ကိုင်ဖုန်း နှစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အလားတူ ကွင်းဆက်အရ မတ် ၂၆ ရက်တွင် မူးယစ်တပ်ဖွဲ့စု(၄၉)ပုသိမ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရခိုင်ပြည်နယ် ဂွမြို့နယ် ဆတ်သွားကျေးရွာ၌ စက်လှေပိုင်ရှင် မမိုးမိုးလွင် (ခ) မမိုးမိုးအား ဖမ်းဆီးရမိခဲ့သဖြင့် မင်းသိန်း (၄၈ နှစ်)၊ ချစ်လွင် (၆ဝနှစ်)၊ မင်းဇော် (၄၇ နှစ်)၊ အောင်စိုး (၆၀ နှစ်)၊ ဇော်ဝင်း (၃၈နှစ်)၊ စိန်ဝင်းမောင် (၄၅ နှစ်)၊ ကျော်သူဇင် (၁၈ နှစ်)၊ မြင့်မြတ် (၂၉ နှစ်)၊ မမိုးမိုးလွင် (ခ) မမိုးမိုး (၄၂ နှစ်)နှင့် တင်ဆန်းဦး(၄၅ နှစ်) (ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။    

Eleven Media Group

0 comments:

Post a Comment