Sunday, March 31, 2019

NLD ပါတီဝင်များအနေဖြင့် ပါတီအပေါ် သစ္စာမဖောက်ရန်အရေးကြီးပြီး ပါတီမှ အခြားဘက်သို့ သာကူးနှင့် ခြံခုန်သွားသူများရှိခဲ့ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များအနေဖြင့် ပါတီအပေါ် သစ္စာမဖောက်ကြရန် အရေးကြီးပြီး ပါတီမှ အခြားဘက်သို့ သာကူးသွားသူများ၊ ခြံခုန်သွားသူများလည်း ရှိခဲ့ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က မတ် ၃၁ ရက်က မန္တလေးမြို့တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးမှ အစိုးရအ ဖွဲ့၊ လွှတ်တော်နှင့် ပါတီဝင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးမှ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ပါတီတွေ့ဆုံပွဲကို မတ် ၃၁ ရက်က မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများအသင်း ခန်းမတွင် ပြုလုပ်ခဲ့ပြီး NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအတွင်းမှ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။ 

“ကျွန်တော်တို့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ထဲမှာပါခဲ့တဲ့ ဆရာကြီးဦးဝင်းတင် ပြောခဲ့တာရှိပါတယ်။ ဒီမိုကရေစီကိုသွားရင် နိုင်ငံရေးသီလ လုံခြုံမှဖြစ်လိမ့်မယ်တဲ့။ ဒါကြောင့် နိုင်ငံရေးသီလလုံခြုံဖို့ အရေးကြီးပါတယ်။ နောက်တစ်ချက်က ယုံကြည်မှုကို ဘယ်တော့မှ သစ္စာမဖောက်ပါနဲ့။ ဒီမိုကရေစီအပေါ်မှာ ယုံကြည်မှုရှိဖို့ လိုပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်မယ်ဆိုတဲ့ ယုံကြည်မှုတွေ မပျောက်ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေအနေနဲ့ ပါတီအပေါ်မှာ သစ္စာရှိကြဖို့ အရေးကြီးပါတယ်။ ပါတီကို ယုံကြည်ပြီး ဝင်လာပြီဆိုရင် ပါတီရဲ့ စည်းမျဉ်းစည်းကမ်း မူဝါဒတွေကို လိုက်နာပါမယ်ဆိုတာ လက်မှတ်ထိုးထားပြီးသားဖြစ်ပါတယ်။ ဘယ်လိုပင် လက်မှတ်တွေထိုးထားပေမယ့် ပါတီရဲ့ စည်းမျဉ်းစည်းကမ်း၊ မူဝါဒတွေကို လေးစားလိုက်နာမှသာလျှင် ပါတီအပေါ်မှာ သစ္စာမဖောက်မှာဖြစ်ပါတယ်။ ဒီမိုကရေစီမှာက ပါတီခြံခုန်ကူးတဲ့သူတွေ အများကြီးရှိနေတာပါပဲ။ ဒါတွေဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့ပါတီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဖြစ်ပါတယ်။ အခြားပါတီတွေနဲ့ နှိုင်းယှဉ်လို့မရပါဘူး။ ကျွန်တော်တို့ပါတီက အရေးတော်ပုံကနေ (၈၈၈၈) မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး ဒီဟာတွေကို သစ္စာတိုင်တည်ပြီးတော့ ဖော်ဆောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ဒါကြောင့် ပါတီကို နိုင်ငံတကာကလည်း လေးစားသမှုပြုခဲ့သလို ပြည်တွင်းမှာလည်း ထောက်ခံမှုက ဒါကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပါတီအပေါ်မှာ သစ္စာမဖောက်ဖို့ရာ အရေးကြီးပါတယ်။ ရှိကောင်း ရှိနိုင်ပါတယ်။ ပါတီကနေခုန်ကူးသွားတာ၊ သာကူးတွေနဲ့ ခြံခုန်တဲ့သူတွေ ရှိခဲ့ပါတယ်။ ကြုံလည်း ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပါတီမှာ နိုင်ငံရေးသီလလုံခြုံတဲ့သူတွေနဲ့ ကျွန်တော်တို့ပါတီဟာ ဒီအချိန်အထိ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေအချင်းချင်း သစ္စာမဖောက်ကြဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေဟာ သေအတူရှင်မကွာ သန္နိဋ္ဌာန်ချထားပြီး အေးအတူ ပူအမျှနဲ့ အခက်အခဲတွေကို ကြိုးစားရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရတယ်။ အဲဒီလို ကြမ်းတမ်းခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်လာခဲ့ကြပြီးနောက် အခုလိုအေးချမ်းတဲ့အချိန်ကာလမှာ ဘာကြောင့်သွေးကွဲခဲ့ကြလဲပေါ့။ သွေးကွဲရတဲ့အကြောင်းရင်းတွေလည်း ရှိမှာပါ။ ဒါကြောင့် ရဲဘော်ရဲဘက်အချင်းချင်း၊ ပါတီဝင်အချင်းချင်း သစ္စာမဖောက်ဖို့ အရေးကြီးပါတယ်။ နွားကွဲရင် ကျားဆွဲပါလိမ့်မယ်” ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးမှ အစိုးရအဖွဲ့၊ လွှတ်တော်နှင့်ပါတီ တွေ့ဆုံပွဲကို မတ် ၃၁ ရက်က မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများအသင်းခန်းမတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအ ထိ ပြုလုပ်ခဲ့ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအတွင်းမှ NLD ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲတွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ပြီးနောက် သတင်းမီဒီယာများ ပြန်လည်ထွက်ခွာပေးခဲ့ရကာ အစည်းအဝေးကို တံခါးပိတ်အစည်းအဝေးအဖြစ် ပြုလုပ်ခဲ့သည်။ 

အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်နှင့် ပါတီတွေ့ဆုံပွဲအစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအတွင်းမှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်များမှ အလုပ်အမှုဆောင်များက ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

Eleven Media Group 

0 comments:

Post a Comment