Saturday, March 30, 2019

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စက်ရုပ်ပြိုင်ပွဲ ကျင်းပမည်


မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအကြိမ် စက်ရုပ်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း Phandeeyar (ဖန်တီးရာ) မှ သိရသည်။ 
မြန်မာနိုင်ငံ၏ ပထမဆုံးသော စက်ရုပ်ပြိုင်ပွဲဖြစ်သည့် Myanmar Robo League ကို ဖန်တီးရာက ဦးဆောင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရှိ ပါချုပ်များ ကော်မတီက ပူးပေါင်းပါဝင် ကျင်းပမည် ဖြစ်သည်။ 

အဆိုပါပြိုင်ပွဲတွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ တက္ကသိုလ် ကျောင်းသားကျောင်းသူမျာ အချင်းချင်း တွေ့ဆုံပြီး အသိပညာ ဗဟုသုတများ၊ သင်ကြားထားသော အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ အချင်းချင်း နားလည် ယုံကြည်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုစက်ရုပ်ပြိုင်ပွဲကို ဇွန်လဆန်းပိုင်းတွင် နိုင်ငံအဆင့် ယှဉ်ပြိုင်မှုကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံအနှံ့ရှိ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များသာမက အနုပညာနှင့် သိပ္ပံတက္ကသိုလ်များ အပါအဝင် စာရင်းထုတ်ပြန်ထားသော တက္ကသိုလ် ၄၆ ကျောင်းမှ ကျောင်းသူ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ 

Myanmar Robo League တွင် ယှဉ်ပြိုင်သူနှင့် နည်းပြ စသည့်နည်းနှစ်နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ၁၉ နှစ်အောက်များသည် ယှဉ်ပြိုင်သူအဖြစ် လျှောက်ထားနိုင်ပြီး ၁၉ နှစ်အထက်သည် နည်းပြအဖြစ် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ 

လျှောက်လွှာများကို www.bit.lymmroboleague တွင် ဧပြီ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ 

တက္ကသိုလ်တစ်ခုမှ ယှဉ်ပြိုင်သူ အများဆုံးငါးဦး ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်သူများသည် မိမိနည်းပြထံမှ လေ့လာသင်ယူကာ ကိုယ်တိုင်စက်ရုပ် တည်ဆောက်ရမည်ဖြစ်သည်။ 

ထို့ပြင် နည်းပြအတွက် လျှောက်ထားသူသည် တက္ကသိုလ်တစ်ခုမှ အများဆုံး တစ်ဦးသာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။ 

ရွေးချယ်ရာတွင် ပထမအဆင့်အနေဖြင့် အချက်အလက်နှင့် ဉာဏ်စမ်းမေးခွန်းများကို ဖြည့်စွက်ရမည်ဖြစ်ပြီး ဒုတိယအဆင့် အနေဖြင့် တက္ကသိုလ်အဆင့် ရွေးချယ်မှုဖြစ်ပြီး တက္ကသိုလ်ပေါင်း ၄၆ ကျောင်းရှိ ဆရာ ဆရာမများမှ တက္ကသိုလ်တစ်ခုချင်းစီအတွက် ကိုယ်စားပြုကျောင်းသားငါးဦး စိစစ်ရွေးချယ်မည်ဖြစ်သည်။ ထို့နောက် နောက်ဆုံးအဆင့်အနေဖြင့် တိုင်းနှင့် ပြည်နယ် ကိုယ်စားပြုမည့် တက္ကသိုလ် ၁၄ ခုမှ နိုင်ငံတော်အဆင့် အနေဖြင့် ဇွန်လဆန်းပိုင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

Myanmar Robo League တွင် ဆုရရှိသည့်အသင်းသည် အောက်တိုဘာတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပမည့် ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲဖြစ်သည့် First Global Robotics Challenge ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ 

“ကျောင်းသူကျောင်းသား လူငယ်တွေကို STEM (Science Technology Engineering Mathematics) ပညာရပ်တွေ သင်ကြားပေးခြင်းဟာ အင်မတန်မှကို အရေးကြီးပါတယ်။ First Global စက်ရုပ်ပြိုင်ပွဲကြီးဟာ မြန်မာကျောင်းသား လူငယ်တွေအတွက် သူတို့ရဲ့နည်းပညာ ကျွမ်းကျင်မှုကို ကမ္ဘာက သိအောင် ထုတ်ဖော်ပြသဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး ဒီကျောင်းသားတွေရဲ့ STEM ပညာရေးအပေါ် စိတ်ဝင်စားမှုကိုလည်း ထောက်ပြနေပါတယ်” ဟု ဖန်တီးရာ၏ CEO ဖြစ်သူ Jes Kaliebe Petersen က ပြောကြားသည်။ 

ဖန်တီးရာမှ ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အသင်းများကို နှစ်ကြိမ်တိုင် စေလွှတ်ခဲ့ပြီးဖြစ်သည်။ အဆိုပါနှစ်များတွင် လက်ခံရရှိသည့် လျှောက်လွှာပေါင်း ၁၅၀ ကျော်အား လျှောက်ထားသူများသည် ရန်ကုန်နှင့် မန္တလေးမြို့များမှ အများဆုံး ဖြစ်သောကြောင့် ယခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသူ ကျောင်းသားများ ပါဝင်နိုင်ရန် ရည်ရွယ်၍ ကျင်းပကြောင်း သိရသည်။ 

ထိုစေလွှတ်ခဲ့သောနှစ်များ၌ ၂၀၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ ကျင်းပခဲ့သော First Global Robotics Challenge တွင် မြန်မာကိုယ်စားပြု အသင်းသည် ပါဝင်ယှဉ်ပြိုင်သည့် ၁၅၇ နိုင်ငံထဲတွင် အဆင့် ၆ (အာရှနိုင်ငံများထဲတွင် အမှတ်အများဆုံး) ရရှိခဲ့သည်။ ထို့ပြင် ၂၀၁၈ ခုနှစ်တွင် မက္ကစီကိုနိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်သည့် ၁၈၆ နိုင်ငံများထဲတွင် အဆင့် ၆၄ ရရှိခဲ့သည်။ 

လွင်မျိုးသူ
Eleven Media Group

0 comments:

Post a Comment