Saturday, March 30, 2019

အသက်မပြည့်သေးသော မိန်းကလေးငယ်ကို သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် အမှုဖွင့်တိုင်တန်းထားသူအား အာမခံပေးသဖြင့် ဒေသခံများ ကျေနပ်မှုမရှိ ဖြစ်နေပြီး အာမခံပေး၍ရသော အမှုဖြစ်၍ အာမခံ ပေးခြင်းဖြစ်ကြောင်း ညောင်လေးပင် မြို့မစခန်းမှူး ပြောကြား


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဥပ္ပလင်ကျေးရွာတွင် မတ် ၂၄ ရက်က အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်အား သားမယားပြုကျင့်ရန်ကြံသည်ဟုဆိုကာ အမှုဖွင့်တိုင်တန်းထားသူအား ညောင်လေးပင်မြို့မရဲစခန်းမှ အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သဖြင့် ကာယကံရှင်မိသားစုနှင့် ကျေးရွာဒေသခံတို့က ကျေနပ်မှုမရှိဖြစ်နေကြောင်း သိရပြီး ထိုကဲ့သို့ အာမခံပေး၍ လွှတ်ပေးခြင်းမှာ အမှုဖွင့်ထားသောပုဒ်မမှာ အာမခံပေး၍ ရသော ပုဒ်မဖြစ်သောကြောင့် အာမခံပေးခဲ့ခြင်းဖြစ်ကာ အမှုအားဥပဒေနှင့်အညီဆက် လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့မရဲစခန်းမှူးက ရှင်းလင်းပြောကြားသည်။ 
ညောင်လေးပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးဌေးဝင်းက “အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ ရဲစခန်းဥပဒေအနေနဲ့ ပုဒ်မကိုတပ်တဲ့အခါ မှာ လာရောက်တိုင်တန်းတဲ့ အပေါ်မူတည်ပြီးတော့ ပြစ်မှုထင်ရှားတဲ့အရေးအတွက်သာ ကျွန်တော်တို့က ပုဒ်မတပ်လိုက်ရတာဖြစ်ပါ တယ်။ အခုလာရောက်တိုင်တန်းတဲ့အမှုကို ကျွန်တော် ပြန်စိစစ်တဲ့အခါ မှာဒီအမှုအတွက် ကျွန်တော်တို့ဘက်က ၃၅၄ နဲ့ဖွင့်လှစ်ပေးခဲ့ပါ တယ်။ ပုဒ်မ ၃၅၄ က ရာဇသတ်ကြီးကျင့်ထုံး ဥပဒေပုဒ်မ ဒုတိယဇယားမှာပါဝင်တဲ့ အာမခံပေးရမယ့်ပြစ်မှုနဲ့ အာမခံ မပေးရမယ့်ပြစ်မှု ခွဲခြားထားတဲ့ ဇယားနဲ့သွားကြည့်မယ်ဆိုရင် ၃၅၄ က အာမခံပေးရမယ့် အမှုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လတ်တလော အာမခံပေးလိုက်ရတယ်။ အာမခံပေးပြီးလို့ရှိရင်လည်း ကျွန်တော်တို့က ဥပဒေနဲ့အညီ တရားလို၊သက်သေ၊အခင်း ဖြစ်နေရာစစ်ဆေး ခြင်း၊ အဲဒါကျွန်တော်တို့ရဲလုပ်ထုံးလုပ်နည်းတွေကို ပြည့်စုံအောင် ဆောင်ရွက်ရပါတယ်။ ဒါကို ဥပဒေအကြံပေးနဲ့လည်း ဒီနေ့တင်ထားပါပြီ။ တင်ထားပြီဆိုတော့ ဥပဒေအကြံပေးက စစ်ဆေးပေါ်ပေါက်ချက်အပေါ်မှာ မူတည်ပြီးတော့ ပြန်ကျလာမှာပါ။ ပြန်ကျတဲ့အပေါ် ကိုလည်း ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ် ” ဟု ရှင်းလင်းပြောကြားသည်။ 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ နယ် ကျဘန်းကျေးရွာအုပ်စု ဥပ္ပလင်ကျေးရွာနေ ကိုဇာနည်ဆိုသူက မတ် ၂၄ ရက် နံနက်ပိုင်းက ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးအား ရွာထဲရှိ လူမနေသော အိမ်သို့ခေါ်ဆောင်၍ မိန်းကလေးငယ်၏ ဘောင်းဘီအား ဆွဲချွတ်ခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်းနှင့် အထက်ပိုင်းတို့ကို ပွတ်သပ်ဆုပ်နယ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လူမနေအိမ်ရှေ့သို့ မိန်းကလေးငယ်၏ မိဘများက လာရောက်အော်ခေါ်ရာမှ မိန်းကလေးငယ်က အိမ်ထဲမှပြေးထွက် လာပြီး ၎င်းအား ကိုဇာနည်ဆိုသူက ပြုမူခဲ့ သည်များကို ပြန်လည်ပြောပြသဖြင့် မိဘများက ညောင်လေးပင်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မိန်းကလေးငယ်၏ မိဘများပြောကြားချက်အရ သိရသည်။ 

ထိုသို့ တိုင်တန်းခဲ့သောကြောင့် ညောင်လေးပင် မြို့မရဲစခန်းမှ ကိုဇာနည်ဆိုသူအား ကာယိနြေ္ဒပျက်စေမှု ပုဒ်မ ၃၅၄ ဖြင့် အမှုဖွင့်၍ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး မတ်၂၇ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သဖြင့် ကာယကံရှင်ကလေးငယ်၏ မိဘဖြစ်သူနှင့် ကျေးရွာဒေသခံအချို့က ကျေနပ်မှုမရှိဖြစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။ 

မိန်းကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်အေးနန္ဒာမြင့်က “ကျေတာကတော့ မကျေနပ်နိုင်ဘူး။ ကိုယ့်သားသမီးကို ဒီလိုလုပ်ထားတာ တွေ့တဲ့အတွက်။ ပိုက်ဆံကလည်းရှိတာ မဟုတ်ဘူးလေ။ တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ယောက္ခမကလည်း ပဲကောက်သွားတယ်။ ကျွန်မကလည်းမရှိဘူး။ ပဲနှုတ်နေတာ။ သူက လာပြီးတော့အိမ်မှာ သူ့အဖေကို အရက်တိုက်ပြီးတော့ အဲဒီလိုလုပ်တာ။ ကိုယ့်ဘက်က ဘယ်လိုခံစားရလည်းဆိုတော့ ကိုယ့် သားသမီးအရင်းကို ဒီလိုလုပ်တဲ့အတွက် ကိုယ်ကတော့ ဝမ်းနည်းတာပေါ့နော်။ တကယ်လို့ နောက်ကျသွားရင်တောင် မတွေးရဲစရာပဲ။ သူတို့ကလည်း ဒီကိစ္စကို အာမခံနဲ့ ဘာလို့ လွှတ်လိုက်တာလဲ။ သူတို့လုပ်လိုက်တဲ့ ဥစ္စာလည်း မသိဘူးပေါ့။ သူတို့ကတော့ပြောတာပေါ့နော်။ ဒီအမှုကတဲ့ မဖြစ်မြောက်ဘူးပေါ့ နော်။ တစ်လလောက်တော့ သူတို့ဘက်က ထောင်ချခွင့်ရှိတယ်လို့ပြောတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်း အားငယ်သွားတာပေါ့ နော်။ သူတို့ ဘယ်လိုလုပ်လိုက်လဲတော့ မသိတာတော့အမှန်ပါ။ ဥပဒေ အကြောင်းလည်း နားမလည်ဘူး။ ဘာပုဒ်မ ဘယ်လိုဆိုတာလဲ နားမလည်ပါဘူး။ ဒါပေမဲ့ ဒီလိုလွှတ်လိုက်တာတော့ တကယ်ကို မကျေနပ်တာပါ” ဟုဆိုသည်။ 

ဥပ္ပလင်ကျေးရွာနေသူ ဦးညွန့်ရွှေက လည်း “သူ့တစ်ယောက်ကို ဒီလိုလွှတ်ပေးလိုက်တယ်ဆိုရင် ကျွန်တော်တို့ရွာကလည်း မကျေနပ်ဘူး။ မိဘတွေအနေနဲ့က ကျေနပ်တယ် ဆိုရင်တောင်မှ ရွာက မကျေနပ်နိုင်တဲ့အ ကြောင်းကတော့ ကျွန်တော်တို့ တိုင်မှာ၊ သူတို့ မတိုင်ရင်တောင်မှ ကျွန်တော်တို့က ရှေ့ဆက်တိုင်မယ်ဆိုတဲ့ ရွာသားတွေရဲ့ စကားပြောချက်တွေကို ကျွန်တော်တို့သိတယ်လေ။ ဒီကောင်က ပြေးမယ်ဆိုတာကိုသိလို့ ကျွန်တော်တို့က အပြေးမခံဘူး။ ဆက်တိုင်မှာ ဒီစခန်းကလည်း ဒီလို လွှတ်ပေးလိုက်တယ်ဆိုတော့ ဒေါသလည်း ပိုထွက်သွားတာပေါ့နော်။ ဒီအမှုကတော့ ကျွန်တော်တို့ သိသင့်သလောက်ပေါ့လေ။ နားတော့နားမလည်ဘူး သိသင့်သလောက် အရပေါ့။ ဒီသက်ငယ်မုဒိမ်းဆိုလို့ရှိရင် နိုင်ငံတော်ကလည်း ဒီဥစ္စာတွေကို ခွင့်လွှတ်ထားတာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော် တို့က မကျေနပ်နိုင်ဘူး။ ရွာကနေပြီးတော့ ရွာလူကြီးကိုလည်း ကျွန်တော်ပြောထားတယ်။ နောင်လာနောက်သားသမီးတွေလည်း ကျွန်တော်တို့တောသူတောင်သားတွေဟာ ကလေး တွေဟာ မြို့မှာလိုမဟုတ်ဘူး။ လက်လွတ်စပယ်ထားရတာ၊ မရှိဆင်းရဲသားဆိုတော့ သွားလုပ်ကိုင်စားရတယ်လေ။ အခုပဲလုပ်တယ်။ နေ့စားဆို နေ့စားလိုက်သွားရတယ်။ ဒီက လေးလေးတွေဆိုလို့ရှိရင် ကျွန်တော်တို့တော ရွာမှာတစ်ခါမှလည်း မဖြစ်ဖူးဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ရွာသားတွေကနေပြီးတော့ မကျေနပ်နိုင်လို့ ဆက်တိုင်မှာ၊ ရွာသားတွေက လုံးလုံး ကျေနပ်တာ မဟုတ်ဘူး။ နောက်ပြီးတော့ အခုလိုတစ်ယောက်ကို ကျူးလွန်ပြီးတဲ့ ဥစ္စာကို ဒီလိုအာမခံချက်နဲ့လွှတ်ပေးတယ်ဆို ရင် နောင်လာနောက်သားသမီးတွေ ဒီလို ဖြစ်လာမှာကို ကျွန်တော်တို့ကစိုးရိမ်တယ်လေ” ဟု ဆိုသည်။ 

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုဇာနည်ဆိုသူအား ညောင်လေးပင်မြို့မရဲစခန်းမှ သက်ငယ်မုဒိမ်းကျူးလွန်ရန်အတွက် ကြံစည်အားထုတ်မှုဖြင့် အမှုဖွင့်အရေးယူခြင်းမရှိဘဲ ကာယိနြေ္ဒပျက်စေမှုပုဒ်မ ၃၅၄ ဖြင့်သာ အမှုဖွင့်လှစ်ပြီး အာမခံပေးလိုက်သဖြင့် ဥပ္ပလင် ကျေးရွာဒေသခံများနှင့် မိန်းကလေးငယ်၏မိဘများက ကျေနပ်မှုမရှိတာကြောင့် အစိုးရ အဖွဲ့နဲ့သက်ဆိုင်ရာဌာနများသို့ ဆက်လက် တင်ပြ တိုင်ကြားသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အာမခံပေးခြင်းကြောင့် ကလေးများအတွက် စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်နေ ကြကြောင်း ဥပ္ပလင်ကျေးရွာဒေသခံများ ပြောကြားချက်အရ သိရသည်။        

Eleven Media Group

0 comments:

Post a Comment