Sunday, March 31, 2019

ခါရှော့ဂီကို လုပ်ကြံသတ်ဖြတ်ခဲ့သူများသည် အမေရိကန် သင်တန်းဆင်းများဖြစ်ကြောင်း သတင်းထွက်ပေါ်လာ


တူရကီ အစ္စတန်ဘူးလ် ဆော်ဒီကောင်စစ်ဝန်ရုံး၌ သတင်းထောက်ခါရှော့ဂီအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သော ဆော်ဒီအေးဂျင့်များသည် အမေရိကန် သင်တန်းဆင်းများဖြစ်သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာက စနေနေ့တွင် ဖေါ်ပြလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။ 
အဆိုပါ သင်တန်းများသည် ခါရှော့ဂီ အသတ်ခံရမှု မတိုင်မီက နှစ်နိုင်ငံ ဆက်ဆံရေး အစီအစဉ်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူသတ်မှုအပြီးတွင် ရပ်ဆိုင်းသွားခဲ့သည်ဟု ဆောင်းပါးရှင် ဒေးဗစ်အစ်ဂနေရှက်စ်က ရေးသားထားသည်။ 

ကြွယ်ဝသော ဆော်ဒီမိသားစုမှ ပေါက်ဖွားလာသူ ထောက်လှမ်းရေး ဗိုလ်မှူးကြီး မေဟာမူတပ်သည် လက်မရွံ့အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး အမေရိကန်တွင် သင်တန်းတက်ခဲ့သူဖြစ်သည်။ ၎င်းသည် လန်ဒန်တွင် ခါရှော့ဂီနှင့်အတူ အလုပ်လုပ်ခဲ့စဉ်က ခင်မင်ရင်းနှီးခဲ့သူတစ်ဦးဖြစ်သည်။ 

၁၅ ဦး လက်မရွံ့အဖွဲ့မှ အခြားအဖွဲ့ဝင်များသည်လည်း အမေရိကန် သင်တန်းဆင်းများဖြစ်သည်ဟု အစ်ဂနေရှက်စ်က ရေးသားထားသည်။ 

ခါရှော့ဂီအသတ်ခံရမှုသည် ဆော်ဒီထောက်လှမ်းရေးဌာနများ ခေတ်မီပြောင်းလဲရေးကို လုပ်ဆောင်ပေးနေသော အမေရိကန်၏ အစီအစဉ်များကို ရပ်ဆိုင်းသွားစေခဲ့သည်။ နိုင်ငံခြားရေးဌာနနှင့် လွှတ်တော်ကလည်း ဆော်ဒီသို့ နည်းပညာများ ရောင်းချရန် ကြိုးစားနေသည့်ကုမ္ပဏီများကို တားမြစ်ချက်များ ချမှတ်ခဲ့သည်။ အိမ်ရှေ့မင်းသား ဘင်ဆော်လ်မန် ဆော်ဒီ၏ ဆက်ဒမ်ဟူစိန် ဖြစ်လာနေသည်ကို အမေရိကန် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။ 

ဝါရှင်တန်ပို့စ်ဆောင်းပါးတွင် ခါရှော့ဂီ၏ နောက်ဆုံးမိနစ်ပိုင်းများကို ဖော်ထုတ်ရန် ကြိုးစားထားသည်။ အိမ်ရှေ့မင်းသား၏ လက်ထောက်ဟောင်းတစ်ဦးဖြစ်သူ ကာတာနီသည် လူသတ်မှုတွင် အဓိကစီစဉ်သူဖြစ်သည်ဟု ယူဆရပြီး တူရကီစုံထောက်များက ဖမ်းဝရမ်းတောင်းခံနေသော်လည်း ဆော်ဒီဖက်မှ လွှဲပြောင်းပေးရန် ငြင်းဆန်ထားသည်။ 

ဆော်ဒီအဖွဲ့က ခါရှော့ဂီအား ဖမ်းဆီးကာ ရီယာ့ဒ်သို့ ခေါ်ဆောင်စစ်ဆေးရန်ဖြစ်သည်ဟု သိရှိရသည်။ ခါရှော့ဂီ၏ နောက်ဆုံးမိနစ်ပိုင်းဖြစ်စဉ်များသည် ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း တူရကီထောက်လှမ်းရေးက လျှို့ဝှက်တပ်ဆင်ထားသော အသံဖမ်းကရိယာကြောင့် ပုံပေါ်လာခဲ့ခြင်းဖြစ်သည်။ 

ခါရှော့ဂီသည် ကောင်စစ်ဝန်ရုံးအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဆော်ဒီသို့ မလိုက်နိုင်ကြောင်း မေဟာမူတပ်အား ငြင်းဆန်ခဲ့ပြီးနောက် ချုပ်နှောင်ခံရသည့် လက္ခဏာအဖြစ် ၎င်း၏ အော်သံကို အသံမှတ်တမ်းတွင် ကြားရသည်။ ထို့နောက် ခါရှော့ဂီ၏ ဦးခေါင်းကို အိတ်ဖြင့်စွတ်လိုက်ကြရာ ၎င်းက “အသက်ရှူလို့မရတော့ဘူး၊ ပန်းနာရင်ကြပ်ရှိတယ်၊ မလုပ်ကြပါနဲ့” ဟု အော်ဟစ်တောင်းပန်ခဲ့သည်။ 

ထို့နောက်တွင် မှုခင်းဆရာဝန် ဆလားတူဘိုင်ကီက အပြင်းစားအိပ်ဆေးကို ထိုးသွင်းခဲ့ရာမှ ဆေးကြောင့်ဖြစ်စေ၊ အသက်ရှူကြပ်၍ဖြစ်စေ သေဆုံးသွားခဲ့ပုံရသည်။ 

ဆော်ဒီအာဏာပိုင်များသည် အစပိုင်းတွင် ခါရှော့ဂီ မည်သည့်နေရာတွင်ရှိသည်ကို မသိကြောင်း ဘူးခံငြင်းဆန်ခဲ့ကြပြီး နောက်ပိုင်းတွင် ဖုံးဖိ၍မရတော့သောအချိန်ကျမှ ဆော်ဒီသို့ ပြန်ခေါ်ရန် လုပ်ဆောင်ရာမှ လက်ရဲဇက်ရဲ ကိုင်တွယ်မှုကြောင့် ခါရှော့ဂီ သေဆုံးခဲ့ရသည်ဟု သတင်းထုတ်ပြန်ပေးခဲ့သည်။ တရားခံများကိုမူ တူရကီသို့ လွှဲပြောင်းပေးခြင်း မပြုပဲ ဆော်ဒီနိုင်ငံအတွင်း ထိန်းသိမ်းထားကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

The Voice

0 comments:

Post a Comment