Saturday, March 30, 2019

AA လက်နက်ကိုင်အဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) တည်ဆောက်ရေးအတွက် တံတားပစ္စည်းများ ဆုံးရှုံးမှုကို အာမခံကုမ္ပဏီထံမှ လျော်ကြေးရရှိပါက ပြန်လည်တည်ဆောက်မည်


AA လက်နက်ကိုင်အဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကုလားတန်မြစ်ကူးတံတား (ပ လက်ဝ) တည်ဆောက်ရေးအတွက် တံတားပစ္စည်းများ ဆုံးရှုံးရမှုကို အာမခံကုမ္ပဏီထံမှ စာဖြင့် လျော်ကြေးတောင်းခံထားကြောင်းနှင့် အဆိုပါ လျော်ကြေးရရှိပါက ပလက်ဝတံတားကို အမြန်ဆုံး ပြန်လည်တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက မတ် ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တည်ဆောက်လျက်ရှိသော ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့အနီးရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) အတွက် လိုအပ်သော သံပေါင် ၂၈၆ ဒသမ ၂၃ တန်နှင့် ဆက်စပ်ပစ္စည်းများ (ဒေါ်လာ ၇၁၅၀၀၀ နှင့် ညီမျှသော မြန်မာကျပ်ငွေ ၁၀၇၂ သန်း) ကို ရန်ကုန်မြို့မှ ပလက်ဝမြို့သို့ MV ရတနာဝင်း ရေယာဉ်ဖြင့် သယ်ယူရန် စီစဉ်ခဲ့သည်။ 

ထိုသို့ သယ်ယူရာတွင် ၂၀၁၉ ခုနှစ် မတ် ၉ရက်၌ IKBZ အာမခံကုမ္ပဏီတွင် ကျပ် ၄၁၈၂၇၅၀ ကို (စစ်နှင့် စစ်အသွင်) အာမခံ အပါအဝင် အာမခံငွေ ပေးသွင်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

MV ရတနာဝင်း သင်္ဘောသည် မတ် ၁၀ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာလာပြီး မတ် ၁၆ ရက်တွင် AA လက်နက်ကိုင်အဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် တံတား၏ Bearing များ၊ မူလီနှင့် Nut များ၊ သုတ်ဆေးပုံးများ (တန်ဖိုး ဒေါ်လာ ၃၂၇၃၆၀ နှင့်ညီမျှသော ကျပ် ၄၉၁၀၄၀၀၀၀ ခန့် ) ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။ 

သံပေါင်များ ပြန်လည်သုံးစွဲနိုင်ခြင်း ရှိ၊ မရှိကို J&M Steel Solution Col.,Ltd ၏ ကြီးကြပ်မှုဖြင့် စစ်ဆေးဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ ပလက်ဝဒေသခံ ပြည်သူများကလည်း ပျက်စီးသွားသော သံပေါင်နှင့် တံတား အစိတ်အပိုင်းများကို အမြန်ဆုံး ပြန်လည်ထုတ်လုပ်ပြီး တံတားကြီး အမြန်ဆုံး ပြီးစီးရေးအတွက် အထူးလိုလား လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ဆုံးရှုံးမှုများကို လျော်ကြေးရရှိရေးအတွက် သက်ဆိုင်ရာ အာမခံကုမ္ပဏီထံ စာဖြင့်တောင်းခံ ထားကြောင်းနှင့် လျော်ကြေးရရှိပါက ဆုံးရှုံးခဲ့သော တံတားပစ္စည်းများ အမြန်ဆုံး ပြန်လည်ထုတ်လုပ်ပြီး ပလက်ဝတံတားကို အမြန်ဆုံး ပြန်လည်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တံတားစီမံကိန်းအတွက် သံပေါင်များ တင်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စင်း ပလက်ဝမြို့နယ် ကုလားတန်မြစ်အတွင်း မတ် ၁၆ ရက် ညနေပိုင်းတွင် မီးလောင်နစ်မြုပ်ခဲ့သည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်၏ ပြောကြားချက်အရ သိရသည်။ 

“လက်နက်ကြီးနဲ့ သင်္ဘောကိုပစ်တာ ဟုတ်ပါတယ်။ လက်နက်ကြီးနဲ့ပစ်လို့ သင်္ဘောက မြုပ်သွားပြီလို့ ပြောတယ်။ နောက်ဆုံးရတဲ့ သတင်းအရ မနက် ၉ နာရီကျော်လောက်မှာ စမီးလောင်တာပေါ့။ ကျွန်တော်တို့ အဲဒီဟာက ပလက်ဝမြစ်ကူးတံတား ကမ်းကပ်ခုံက အရှေ့နဲ့ အနောက်က ကမ်းကပ်ခုံနှစ်ခုစလုံး ပြီးသွားပြီ။ အလယ်မှာဆက်တဲ့ သံပေါင်တွေပေါ့။ သံပေါင်တွေကို သယ်တဲ့ဥစ္စာပါ။ အဲဒီဟာတွေ တစ်ခုလုံး ပျက်စီးသွားတာပေါ့။ တံတားစီမံကိန်း တစ်ခုလုံး ပျက်သွားသလို ဖြစ်သွားတာပေါ့။ ကုန်တင်သင်္ဘောပေါ့” ဟု ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။ 

မတ် ၁၆ ရက် နံနက်က ချင်းပြည်နယ် ပလက်ဝမြို့နယ် အောက်သဲမဝအုပ်စု ကျောက်ဖျာရွာဘက် အခြမ်းမှနေ၍ ကုလားတန်မြစ်တွင်း သွားလာနေသည့် ကုန်တင်ထားသည့် ရေယာဉ်တစ်စင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ရေယာဉ်သည် မီးလောင်ခဲ့ပြီး ရေယာဉ်ပေါ်တွင် ပါလာသူများ ထိခိုက်မှုမရှိဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment