Saturday, March 30, 2019

ဆလိုဗက်ကီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာသည့် ကက်ပတ်တိုဗာ



ကျင်းပပြီးစီးသွားခဲ့တဲ့ ဆလိုဗက်ကီးယားနိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကိုယ်စားလှယ် ဇူဇန်နာ ကက်ပက်တိုဗာ ကတော့ နိုင်ငံသမိုင်းမှာ ပထမဆုံးသော အမျိုးသမီး သမ္မတ ဖြစ်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ 


ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာမယ့် မစ္စ ကက်ပက်တိုဗာကတော့ နိုင်ငံရေး အတွေ့အကြုံ မရှိသလောက် ဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ အာဏာရပါတီက လူသိများတဲ့ ကိုယ်စားလှယ်လောင်း မာရို့စ် ဆက်ဖ်ကိုဗစ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 



လက်ရှိ အစိုးရကို ပေါ်ပေါ်ထင်ထင် ဝေဖန်သူတစ်ဦးဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ရှေ့နေလည်းဖြစ်တဲ့ ကက်ပက်တိုဗာက ရွေးကောက်ပွဲမှာ မဲရလဒ် ၅၈ ဒသမ ၄၀ ရာခိုင်နှုန်း ရခဲ့ချိန်မှာတော့ အဓိကပြိုင်ဘက် ဆက်ဖ်ကိုဗစ်က ၄၁ ဒသမ ၅၉ ရာခိုင်နှုန်း ရခဲ့တယ်လို့ ဆလိုဗက်ကီးယား စာရင်းအင်းရုံးက ထုတ်ပြန်ပါတယ်။ 



“ ကျွန်မတို့အကြားက ချိတ်ဆက်မှုတွေကို ရှာကြည့်ကြပါစို့၊ တစ်ဦးချင်း အကျိုးစီးပွားတွေထက် ပူးပေါင်းဆောင်ရွက်မှုတွေကို အားပေးကြပါစို့” လို့ ကက်ပက်တိုဗာက ပြောသွားပါတယ်။ 



“ ဒီ အောင်ပွဲကို ကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ ကိုယ့်ပြိုင်ဘက်ကို မတိုက်ခိုက်ပဲနဲ့ အနိုင်ရနိုင်တယ်ဆိုတာကို မြင်ရမှာဖြစ်ပါတယ်” လို့ သူမက ပြောသွားပါတယ်။ 



ခုလို ရွေးကောက်ပွဲမှာ ကက်ပက်တိုဗာ အနိုင်ရရှိမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ ပန်းစည်းပေးပို့သွားမယ်ဆိုပြီး ပြိုင်ဘက်ဖြစ်တဲ့ ဆက်ဖ်ကိုဗစ်ကလည်း ထုတ်ဖော်ပြောသွားပါတယ်။ 



အသက် ၄၅ နှစ်သာ ရှိသေးတဲ့ ကက်ပက်တိုဗာကတော့ လာမယ့် ဇွန်လ ၁၅ ရက်မှာ သမ္မတတာဝန် စတင်ထမ်းဆောင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာမှာ ဖြစ်သလို နိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံးသော သမ္မတလည်း ဖြစ်လာမယ်လို့ သိရပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment