Sunday, March 31, 2019

ထာဝရငြိမ်းချမ်းရေး စေတီတော် ကို ရန်ကုန် တိုင်းဒေသကြီးတွင် ဧပြီ ၁ ရက်မှ ၁၈ ရက်ထိ ပူဇော်ခံသွားမည်


မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်း ရေးရရှိရန်၊ ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည် ထွန်းကားပြန့်ပွား စေရန်နှင့်ခုနစ် ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန် ရည်မှန်းကာ နေပြည်တော်တွင် ထာဝရ ငြိမ်းချမ်းရေး စေတီတော်အား တည်ထားလျက်ရှိပြီး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား တိုင်း ဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် ဒေသ စာရီ လှည့်လည်အပူဇော်ခံသွားမည် ဖြစ်ရာ ရန်ကုန် တိုင်းဒေသကြီးတွင် ဧပြီ ၁ ရက်မှ ၁၈ ရက်ထိ ပူဇော်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ 
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်း ရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီး တော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဒေသစာရီ ကြွချီအပူဇော်ခံရန် နေပြည်တော်ရှိ ထာဝရ ငြိမ်းချမ်းရေးစေတီတော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စတင် ပင့်ဆောင်ပူဇော်ခြင်းဖြစ်သည်။ 
နေပြည်တော်- ရန်ကုန် အမြန်လမ်းအတိုင်းပင့်ဆောင်ရာတွင် ရန်ကုန် တိုင်းဒေသကြီး နယ်နိမိတ် မိုင်တိုင်အမှတ် ၂၆ တွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌနှင့် ဆရာတော်သံဃာ တော်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များက ကြိုဆိုပင့်ဆောင်ပြီး တိုးဂိတ်အနီးတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်များမှ သံဃနာယက ဆရာတော် ကြီးများ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များက ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြိုဆို ပြီး ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာကို ပြုလုပ်ခဲ့ကြသည်။ 
ထို့နောက် ဗုဒ္ဓရုပ်ပွားတော်များအား ဆက်လက်ပင့်ဆောင်ရာ ခေတ္တအပူဇော်ခံ မည့်ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်သို့ ပင့်ဆောင်ပူဇော်ရာ လမ်းကြောင်း တစ်လျှောက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရွှေတိဂုံ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံပြီး အောင်စည်တော်ရွမ်းလျက် ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ 
ယင်းနောက် အပူဇော်ခံမည့် မဏ္ဍပ်အတွင်း ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာကို ပြုလုပ်ကြပြီး ဆရာတော်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ ရွှေတိဂုံဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များက စကျင် ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပူဇော်ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

The Ladies News

0 comments:

Post a Comment