Sunday, March 31, 2019

မိုးနဲမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်များအနက် မြို့တွင်းစေတီတော်များကိုသာ ထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး မြို့ပြင်တွင် ရှာမတွေ့ဘဲ ပျက်စီးပျောက်ဆုံးနေသော ရှေးလက်ရာများစွာ ကျန်ရှိနေသေးဟု သိရ



ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်များသည် မြို့တွင်းစေတီတော်များကိုသာ ထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး မြို့ပြင်တွင် ရှာမတွေ့ဘဲ ပျက်စီးပျောက်ဆုံးနေသော ရှေးလက်ရာများစွာ ကျန်ရှိနေသေးသည်ဟု ဦးဆောင်ဆရာတော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က မတ်၂၉ ရက်တွင် ပြောကြားသည်။ 


မိုးနဲမြို့သမိုင်းသည် ဘီစီ ၅၁၉ တွင် ပထမ မိုးနဲ၊ ဒုတိယ မိုးနဲ၊ တတိ ယ မိုးနဲဟူ၍ ခေတ်ကာလခွဲခြားထား ပြီး ပထမမိုးနဲသည် နန္ဒာပူရ၊ ရှမ်းဘာသာ နံသာပူ ဟုခေါ်ပြီး ဒုတိယ မိုးနဲသည် လက်ရှိ မိုးနဲမြို့၏ အရှေ့ဘက် ခုနစ်မိုင်အကွာတွင် တည် ရှိသည်ဟု ဆိုသည်။ လက်ရှိ မိုးနဲမြို့ သည် တတိယ မိုးနဲမြို့ ဖြစ်သည်ဟု အကျဉ်းချုံး သမိုင်းကြောင်းကို လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။ လက်ရှိ မိုးနဲမြို့နယ်အတွင်းရှိ စေတီတော်ကြီး လေးဆူ အပါအဝင် မြို့တွင်းရှိ စေတီတော်ငယ်များကို သာ ရှာဖွေထိန်းသိမ်းနိုင်ပြီး မြို့ပြင် နေရာများတွင် ပျက်စီးပျောက်ကွယ် သွားသော စေတီတော်များစွာ ရှိခဲ့ ကြောင်း၊ ရှာမတွေ့ဘဲ လက်လှမ်းမမီဘဲ ချုံနွယ်ပိတ်ပေါင်းများဖြင့် ပျောက်ဆုံးနေသော စေတီတော် ပေါင်းများစွာရှိကြောင်း မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ ၀ိဇ္ဇာရိယ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဦးဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒထံမှ သိရသည်။ 



ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့တွင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသော စေတီတော်ပေါင်း ၄၄၇ ဆူရှိပြီး လတ်တလောတွင် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းပြတိုက်၊ စာပေ၊ ပုရပိုက်စာကြည့်တိုက်နှင့် ဓမ္မဗိမာန်တစ်ဆောင် တည်ဆောက်ထားရှိရန် စီစဉ်နေကြောင်း မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ ၀ိဇ္ဇာရိယ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဦးဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒထံမှ သိရသည်။ 



“မိုးနဲမြို့မှာ ရှေးဟောင်းစေတီတော် ပြုပြင်ထိန်းသိမ်းဖို့ သိပ်အရေးကြီးတယ်။ ဘာလို့ဆိုရင် သမိုင်းကို ကြည့်မယ်ဆိုရင် စော်ဘွားအဆက်ဆက် အုပ်ချုပ်ခဲ့တာတွေရော၊ စော်ဘွားခေတ်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီဘုရားပုထိုး ကျောက်ကန်တွေဆိုတာ မိုးနဲမှာ အများကြီးရှိတယ်။ ချုံနွယ်တွေထဲ ပိတ်ဖုံးလွှမ်းနေတာ အများကြီး ကျန်သေးတယ်။ 



မြို့ပတ်ဝန်းကျင်လောက်ပဲ မြို့တွင်းလောက်ပဲ မြင်တယ်။ မြို့တွင်းရှိတဲ့ စေတီဘုရားပုထိုးတွေဆိုတာ ပုံစံ ၁၀၅ လည်းမရှိ၊ နယ်မြေလည်း သတ်သတ်မှတ်မှတ် မရှိဘူး။ ဒါကြောင့် ထိန်းသိမ်းပြုပြင်ဖို့ သိပ်အရေးကြီးတယ်။ စော်ဘွားခေတ်ကတော့ အာဏာနဲ့ပဲ မြေဂရန်လည်း မလိုဘူး။ ဒီခေတ်က မသမာလောဘ များလာတော့ စီးပွားရေးကလည်း အကျပ်အတည်း၊ နည်းနည်းပါးပါး ငြိမ်းချမ်းလာတော့ စိုက်ပျိုးချင်တော့ ယာတွေချဲ့လာကြတယ်။ ယာတွေ တိုးချဲ့တော့ သစ်ပင်တွေလည်း ပြုန်းတီးလာတယ်။ ဘုရားနယ်မြေလည်း မသိတော့ဘူး။ ကျူးကျော်တယ်လည်း ပြောလို့မရဘူး။ ဘုရားနယ်မြေက သတ်သတ်မှတ်မှတ် မရှိဘူး။ ခရီးသွားလုပ်ငန်း ဖြစ်လာပြီဆိုရင် မိုးနဲမှာ ကိုယ့်မြို့ခံအနေနဲ့ မျက်နှာငယ်ရမှာ စိုးရတယ်။ ဒါကြောင့် ပြုပြင်တာထက် ထိန်းသိမ်းဖို့ သိပ်အရေးကြီးတယ်” ဟု မိုးနဲမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တမာဃိန္ဒက မိန့်ကြားသည်။ 



Eleven Media Group

0 comments:

Post a Comment