Saturday, March 30, 2019

ကျပ်သန်း လေးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုမှ ကွင်းဆက်တရားခံများကို ထပ်မံဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်တွင် စက်လှေတစ်စီးပေါ်မှ ကာလတန်ဖိုး ကျပ်သန်း လေးသောင်းကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကွင်းဆက်တရားခံများကို ထပ်မံ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
တပ်မတော် (ရေ) မှ မတ်လ ၂၄ ရက်နေ့က မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေစဉ် မြောက်တော်ဝင်ကျွန်း အနောက်ဘက်ရှိ ရေမိုင်(၂၀) အကွာခန့်တွင် မသင်္ကာဖွယ် စက်လှေတစ်စီးကို တွေ့ရှိခဲ့သောကြောင့် ခေါ်ယူစစ်ဆေးရာမှ ယင်းစက်လှေပေါ်ရှိ တန်ဖိုးငွေကျပ် သန်းလေးသောင်းကျော်ရှိသော ICE (အလေးချိန် ၁၇၃၇ ကီလို)နှင့်အတူ အမျိုးသား ခုနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ 

ဖမ်းမိသူ ခုနှစ်ဦးမှာ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့ရွာများတွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့စစ်ဆေးရာမှ ယင်းမူးယစ်ဆေးဝါးများ၏ပိုင်ရှင်ဖြစ်သူ တင်ဆန်းဦး၏ နေအိမ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်ကို မတ်လ ၂၅ ရက်နေ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၄၂) က ဝင်ရောက်ရှာဖွေခဲ့သော်လည်း တင်ဆန်းဦးကိုမတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ငွေစုဘဏ်စာအုပ် ခုနှစ်အုပ်နှင့် ATM ကတ်နှစ်ခုကို သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီး-ကလော သွားကားလမ်းရှိ အောင်သပြေတိုးဂိတ်အနီးတွင် တင်ဆန်းဦးပိုင်ဆိုင်သည့် Nissan အမျိုးအစား ၁၂ ဘီးယာဉ်ကို မောင်းနှင်လာသော အသက် ၂၉ နှစ် မြင့်မြတ်ကို ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးရာမှ မတ်လ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဂွမြို့၊ ဆတ်သွားကျေးရွာ၌ စက်လှေပိုင်ရှင်ဖြစ်သူ အသက် ၄၂ နှစ် မမိုးမိုးလွင်ကို ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် လွတ်မြောက်နေသူ တင်ဆန်းဦးနှင့် ဖမ်းဆီးရမိသူ ကိုးဦးတို့ကို ကော့သောင်းမြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ၍ ကျန်ကွင်းဆက်တရားခံများကို ထပ်မံဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment