Sunday, March 31, 2019

အိန္ဒိယ - မြန်မာနယ်စပ် ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အိန္ဒိယနိုင်ငံဘက်မှ ယာဉ်ဝင်ထွက်မှုပိတ်ထား၍ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေ


အိန္ဒိယ - မြန်မာနယ်စပ် ရိဒ်နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်က ယာဉ်ဝင်ထွက်မှု ပိတ်ထား၍ ကုန်စည်စီးဆင်းမှုရပ်ဆိုင်းနေသည်ဟု ရိခေါရ်ဒါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ပြောကြားသည်။ 
“နယ်စပ်က မတ်လ ၂၇ စပြီးတော့ ကားအဝင်အထွက် မရတော့ဘူး ပိတ်ထားတယ်။ လူစီးကားတွေရောပိတ်ထားတယ်။ ကုန်တွေကတော့ တွန်းလှည်း ဆိုင်ကယ်ကို သွားမရဘူး။ ကုန်တွေပါ ပိတ်ထားတဲ့သဘော။ ဆိုင်ကယ်တို့ လူတို့လောက်ပဲ သွားရတယ်။ ဘယ်နေ့ ဘယ်အချိန်အထိ ပိတ်မယ်ဆိုတာတော့ မသိရဘူး။ ရိဒ်ရေကန်ကို လာတဲ့သူတွေတော့ ရှိပါတယ်။ လူတော့ သွားလာလို့ရပါတယ်” ဟု ရိခေါရ်ဒါမြို့နယ် အုပ်ချုပ်ရေမှူး ဦးကျင်လမ်းခိုင်က ပြောကြားသည်။ 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ရှိ အရပ်ဘက် အဖွဲ့အစည်းနှင့် ဇိုခွားသာ ကျေးရွာရှိ အရပ်ဖက်အဖွဲ့အစည်းအကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ဇိုခွားသာကျေးရွာဖက်က မြန်မာနိုင်ငံဘက်မှ တင်ပို့သည့် ကုန်စည်များကို အိန္ဒိယနိုင်ငံဘက်သို့လည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်မှ ကုန်စည်များကို မြန်မာနိုင်ငံဘက်သို့လည်းကောင်း ဇိုးခွားသာကျေးရွာမှ မဝင်ရောက်ရောက်ရန် ပိတ်ပင်ထား၍ ကုန်စည်စီးဆင်းမှုရပ်ဆိုင်းနေသည်ဟု သိရသည်။ 

“နယ်စပ်ပိတ်ထားတာ အိန္ဒိယဘက်က ပိတ်တာ လေးငါးရက်လောက်တော့ရှိပြီ။ ကွမ်းသီးတွေ သွားတာကတော့ ရပ်သွားတာပေါ့။ အနည်းအကျည်းတော့ သွားတာပေါ့။ သွားတော့ သွားတယ်ဆိုတာက ဂိုဒေါင်တွေ ဘာတွေ အဆင်သင့်ရှိတဲ့သူတွေက ဂျူတီဆောင်ပြီးတော့ နယ်စပ်ဂိုဒေါင်မှာ ချထားတာပေါ့။ အရင်ကထက် ပို့တာနည်းသွားတာပေါ့။ အရင်က တစ်ရက်ကို အိတ် ၃၀၀၀ ၊ ၄၀၀၀ လောက်သွားတာ အခုတော့ ၁၀၀၀ အိတ်လောက် သွားတော့တာပေါ့။ ဟိုဖက်ကလည်း အစိုးရက ပိတ်တာမဟုတ်ပါဘူး ။ ကားနှစ်စီး ပြဿနာဖြစ်တာပေါ့။ ကျန်ဖိုင်းကားအဖွဲ့နဲ့ ဇိုးခွားသာရွာ ကားအဖွဲ့တို့ ကုန်လုတာပေါ့ဗျာ။ အရပ်စကားတော့။ သူအရင်ရောက်တယ် ငါအရင်ရောက်တယ်။ သူ့အုပ်စု ကိုယ့်အုပ်စုနဲ့ ဖြစ်တာပေါ့။ ဘယ်သူက မှားတယ် မှန်တယ်ဆိုတာတော့ ဘယ်သိပါ့မလဲ။ ချောင်းကိုတော့ ဖြတ်လို့ရတယ် ။ အတွင်းထဲကို သယ်လို့မရတော့ဘူးဆိုတော့ မပို့တော့ဘူးပေါ့။ မြေဆီလည်း မလာဘူး။ အခု လောလောဆယ်က ခရီးသည်တင်ကားက လွဲလို့ စားကုန် သောက်ကုန် ကားတောင် သွားမရတော့ဘူး” ဟု ကွမ်းသီးတင်ပို့နေသည့် ကုန်သည်တစ်ဦးက ဆိုသည်။   

Eleven Media Group

0 comments:

Post a Comment