Saturday, March 30, 2019

၅၀၀ နှင့် ၁၀၀၀ ကျပ်တန် ထီလက်မှတ်အုပ်ရေ ခြောက်သိန်းကျော် ရောင်းရန်ကျန်

၅၀၀ ကျပ်တန်ထီ၏ ၂၅ ကြိမ်မြောက်နှင့် ၁၀၀၀ ကျပ်တန်ထီ၏ ဒုတိယအကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် အကြိမ်တွင် ရောင်းမထွက်ခဲ့သည့် ထီလက်မှတ်အုပ်ရေပေါင်း ခြောက်သိန်းလေးသောင်းနီးပါးရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။ 
၁၀၀၀ ကျပ်တန်ထီ ပထမဆုံးအကြိမ်တွင် လက်မှတ်အားလုံးရောင်းကုန်ခဲ့ သကဲ့သို့ ၅၀၀ တန် ထီ ၂၄ ကြိမ်မြောက် ရောင်းချခဲ့စဉ်ကလည်း ထီလက်မှတ်အား လုံးရောင်းထွက်ခဲ့သော်လည်း ယခုအကြိမ်များတွင် ထီလက်မှတ်များစွာ ကျန်ရှိခဲ့ကြောင်း၊ ယခုမရောင်းရသည့် ထီလက်မှတ် အုပ်ရေပမာဏသည် ၅၀၀ ကျပ်တန်ထီ လက်မှတ်ရောင်းချမှု ၂၅ ကြိမ်အတွင်းနှင့် ၁၀၀၀ ကျပ်တန်ထီ ၂ ကြိမ်မြောက်အတွင်း စံချိန်တင်အရေအတွက်များဖြစ်ကြောင်း ယင်းစာရင်းများအရ သိရသည်။ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ၂ ကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် ၁၀၀၀ ကျပ်တန်ထီတွင် “က” မှ “ကဆ” အက္ခရာအထိ အက္ခရာအလုံး ၄၀၊ ထီစာအုပ် ၃,၂၇၂,၇၂၀ ထုတ်ရောင်းခဲ့ရာတွင် အုပ်ရေ ၂,၈၃၇,၁၄၃ ရောင်းချနိုင်ခဲ့ပြီး ၂၀၃,၄၄၈ အုပ် ရောင်းရန်ကျန်ရှိကြောင်း၊ ၂၅ ကြိမ်မြောက် ၅၀၀ ကျပ်တန်ထီတွင် “က” မှ ဌ အက္ခရာအထိ အက္ခရာ ၁၂ လုံး၊ ထီစာအုပ် ၉၈၁,၈၁၆ ထုတ်ရောင်းခဲ့ရာတွင် ၇၇၈၃၆၈ အုပ် ရောင်းချနိုင်ခဲ့ပြီး ၄၃၅,၅၇၇ အုပ် ရောင်းရန် ကျန်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၅၀၀ ကျပ်တန်ထီလက်မှတ်ရောင်းချမှုကို မေလ ၁ ရက်နေ့မှ စတင်ရပ်နားမည်ဖြစ်ပြီး ဆက်လက်၍ ၁၀၀၀ ကျပ်တန်ထီသာ ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ဆိုထားသည်။ 

“အခုက ထီနဲ့ အသက်မွေးဝမ်း ကျောင်းပြုနေတဲ့သူတွေအားလုံး ဒုက္ခရောက်နေကြရတယ်။ အဲဒါကြောင့် ထီ ကိုယ်စားလှယ်တိုင်းလိုလိုက နိုင်သလောက်ပဲ ယူကြတယ်”ဟု မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

လက်ရှိထီဈေးကွက်အတွင်း အစိုးရ၏ ထီအုပ်ရေ ထုတ်လုပ်မှုများပြားလာသော်လည်း ကံစမ်းသူအရေအတွက် မတိုးတက်ခြင်းကြောင့် ထီအရောင်းအဝယ် မကောင်းကြောင်း ၎င်းက ဆိုသည်။ 

ပထမအကြိမ် ၁၀၀၀ ကျပ်တန်ထီဖွင့်ခဲ့စဉ်က ထီလက်မှတ်အုပ်ရေ “က” မှ “ကဆ” အက္ခရာအထိ အက္ခရာအလုံး ၄၀ ဖြင့် ထီစာအုပ် ၃,၂၇၂,၇၂၀ ရောင်းချခဲ့ရာတွင် အားလုံးရောင်းချနိုင်ခဲ့ပြီး ၂၄ ကြိမ်မြောက် ၅၀၀ ကျပ်တန်ထီတွင် “က” မှ ဌ အက္ခရာအထိ အက္ခရာ ၁၂ လုံး၊ ထီစာအုပ် ၉၈၁,၈၁၆ ထုတ်ရောင်းခဲ့ရာတွင်လည်း အားလုံးရောင်းချနိုင်ခဲ့သည်။

The Voice

0 comments:

Post a Comment