Saturday, March 30, 2019

မြန်မာ- အိန္ဒိယနယ်စပ်ကုန်သွယ်ရေး အိန္ဒိယဘက်က ပိတ်ထား၍ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်း


မြန်မာ- အိန္ဒိယနယ်စပ်၊ ချင်းပြည် နယ်၊ ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာအကြား နှစ်နိုင်ငံ နယ်စပ်ကုန်စည် စီးဆင်းမှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ အရပ်ဘက်အဖွဲ့အစည်းများက ပိတ်ထားသည့်အတွက် နယ်စပ်ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းနေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ 
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းနှင့် ဇိုခေါထာရ်ကျေးရွာရှိ အရပ်ဘက်အဖွဲ့အစည်းအကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဇိုခေါထာရ် ကျေးရွာဘက်မှဝင်လာသည့် မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်စည်များကို ကျန်ဖိုင်းသို့ မဝင်ရောက်ရန် ပိတ်ထားခြင်း၊ အိန္ဒိယနိုင်ငံ ကျန်ဖိုင်းမြို့မှတစ်ဆင့် ဇိုခေါ ထာရ်ကျေးရွာဘက်ကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ဝင်လာမည့် ကုန်စည်များကို ဇိုခေါ ထာရ်ကျေးရွာရှိ အရပ်ဘက်အဖွဲ့အစည်းများက မဝင်ရောက်ရန် ပိတ်ထားသည့်အတွက် မတ်လ ၂၅ ရက်နေ့မှ စတင်၍ မြန်မာ- အိန္ဒိယနယ်စပ် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

“ဒီနေ့အထိ မဖွင့်သေးဘူး။ ဘယ်နေ့ အထိ ပိတ်ထားမလဲတော့ မသိဘူး။ အခု ရိခေါဒါရ်မှာ ကုန်စည်တွေ ပိတ်မိနေတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ လောလောဆယ် ရပ်ဆိုင်းနေတယ် ပြောရမှာပေါ့”ဟု ရိခေါဒါရ်မြို့နေ ဦးချန်လျန်းမာက ပြောဆိုသည်။ 

အဆိုပါ နယ်စပ်မှနေ၍ အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်း မြေဆီနှင့် ရက်ကန်းထည်များတွင် အသုံးပြုသည့်ချည်များ အများဆုံးဝင်ရောက်ပြီး မြန်မာနိုင်ငံမှ ကွမ်းသီးစိုနှင့် ကွမ်းသီးခြောက် အဓိကတင်ပို့ ရသည့် နယ်စပ်ဖြစ်သည်။ 

ယင်းနယ်စပ်သည် လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့် နေရာဖြစ်သည့်အတွက် ကုန်သည်များအနေနှင့် ပွင့်လင်းရာသီကာလ ကားလမ်းကောင်းမွန်သည့်အချိန်တွင် ကုန်စည်တင်ပို့မှုကို အဓိကပြုလုပ်ကြပြီး ယခုပွင့်လင်းရာသီကာလ နယ်စပ်ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းခြင်းကြောင့် ကုန်သည်များအပါအဝင် နယ်စပ်တွင် ကုန်တင်ကုန်ချနေ့စားလုပ်ငန်းဖြင့် အသက်မွေးနေသူများ၏ လုပ်ငန်းများလည်း ထိခိုက်လျက်ရှိသည်။ 

The Voice

0 comments:

Post a Comment