Sunday, March 31, 2019

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူ ၁၀ ရာခိုင်နှုန်းခန့်သာရှိ


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့ကကျင်းပခဲ့ရာ စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်ရှိမဲရုံများသို့ မဲလာရောက်ပေးသူ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး စိတ်ဝင်စားမှုနည်းပါးခဲ့ကြောင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။ 
စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်ရှိ အများစုရှိမဲရုံများသို့ မဲလာရောက်ပေးသူ ၁၅ ရာခိုင်နှုန်းခန့်မှ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး အချို့မြို့နယ်များတွင် မဲပေးသူ ခုနစ်ရာခိုင်နှုန်းခန့်သာရှိခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ 

“အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်းက မဲရုံတွေမှာ မဲပေးသူ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အမှန်အတိုင်းပြောရရင်တော့ ရလဒ်မကောင်းဘူးပေါ့။ အရင်ကတော့ အပြောင်းအလဲတွေရှိတယ်ဆိုပြီး ပြည်သူတွေက မျှော်လင့်တကြီးနဲ့မဲတွေ ပေးခဲ့ကြတယ်။ ပြောင်းလဲတိုးတက်မှုက ထင်သလောက်ဖြစ်မလာတဲ့အခါ ငါတို့မဲပေးလဲ မထူးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတာတွေဖြစ်လာတယ်” ဟု မဲဆန္ဒနယ် အမှတ်-၃ မှ မြို့တော်စည်ပင်ကော်မတီဝင်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ဦးနေလင်းဇင်က ပြောကြားသည်။ 

စည်ပင်ရွေးကောက်ပွဲကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိထားရာ စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်ရှိ ရပ်ကွက် ပေါင်း ၆၁၃ ရပ်ကွက်မှ မဲရုံပေါင်း၂၈၇၉ ရုံ တွင် မဲပေးခွင့်ရှိသူ ၃ ဒသမ ၄ သန်းကျော်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်ထံက အသိပေးထုတ်ပြန်ထားသည်။ 

“ကျွန်တော်တို့ တာမွေမြို့နယ်မှာဆို မဲပေးခွင့်ရှိတဲ့သူ ၁၀၀ ရာခိုင်နှုန်းမှာ ၇ ရာခိုင်နှုန်းလောက်ပဲ မဲလာပေးတယ်။ ကော်မရှင်အနေနဲ့ ပြည်သူတွေစိတ်ဝင်စားမှုများအောင် ကြော်ငြာမှုအားနည်းခဲ့တာလည်း ပါတယ်။ မဲစာရင်းမှာ မပါတာတွေလည်း များနေတယ်”ဟု တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနေရာအတွက် ယှဉ်ပြိုင်သူ တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဦးသန်းထွန်းက ပြောဆိုသည်။ 

၂၀၁၄ ခုနှစ်ကကျင်းပခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် အိမ်ထောင်စုတစ်စုလျှင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် အိမ်ထောင်ဦးစီးသာ မဲပေးခွင့်ရရှိခဲ့သောကြောင့် ယင်းရွေးကောက်ပွဲကို ရန်ကုန်မြို့ခံများ စိတ်ဝင်စားမှုနည်းပါးခဲ့သည်။ 

“စည်ပင်ရွေးကောက်ပွဲကို တော်တော်များများက မသိကြဘူး။ စိတ်လည်း မဝင်စားဘူး။ ပြည်သူတွေက သူတို့စားဝတ်နေရေးအတွက် ရုန်းကန်နေရတော့ 

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံသူနိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးသင့်ပါတယ်။ ကျွန်တော် မဲပေးဖို့သွားတာ လူတောင်သိပ်မရှိဘူး” ဟု တာမွေမြို့နယ်တွင်နေထိုင်သည့် မဲဆန္ဒရှင် ဦးခင်မောင်က ပြောဆိုသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲတွင် အနိုင်ရသည့် စည်ပင်ကိုယ်စားလှယ်များအနေနှင့် ၂ နှစ်နှင့် သုံးလတာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကျပ် ၂ ဘီလီယံအကုန် အကျခံကာ ကျင်းပမည်ဖြစ်ကြောင်း စည်ပင်ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ 

ယခုရွေးကောက်ပွဲတွင် ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ၆ ဦး နေရာအတွက် ၂၇ ဦး၊ မြို့နယ်စည်ပင် ဥက္ကဋ္ဌ ၃၃ နေရာအတွက် ၉၉ ဦး၊ မြို့နယ်စည်ပင် သာယာအဖွဲ့ဝင်-၁ နေရာ ၃၃ နေရာအတွက် ၇၄ ဦး၊ မြို့နယ် စည်ပင်သာယာအဖွဲ့ဝင်-၂ နေရာ ၃၃ နေရာအတွက် ၇၂ ဦး ယှဉ်ပြိုင် ခဲ့ကြပြီး ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်ခံရမည့်သူအပါအဝင် မြို့တော်ကော်မတီဝင် ခြောက်ဦး၊ စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ ၃၃ မြို့နယ်အတွက် တစ်မြို့နယ်လျှင် မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌ၊ မြို့နယ် စည်ပင်သာယာအဖွဲ့ဝင်-၁ နှင့် မြို့နယ် စည်ပင်သာယာအဖွဲ့ဝင်-၂ အတွက် ကိုယ်စားလှယ်ပေါင်း ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦး ရွေးချယ်ပေးမည်ဖြစ်သည်။

The Voice

0 comments:

Post a Comment