Sunday, March 31, 2019

ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများကို အရေးယူပေးရန် သမ္မတထံတိုင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ မဲဇလီကျေးရွာအုပ်စု၊ မဲဇလီကျေးရွာ၌ ဖေဖော်ဝါရီလအတွင်းက အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး အသတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ သံသယရှိသူများကိုဖမ်းဆီးရန် ပျက်ကွက်သည်ဟုဆိုကာ ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် လေးမျက်နှာမြို့နယ်ရဲတပ်ဖွဲ့မှူး အိုင်သပြုနယ်မြေစခန်းမှူးတို့ကို အရေးယူပေးရန် မတ်လ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားထားကြောင်း ကာယကံရှင်များက ပြောကြားသည်။ 


အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ထံ တိုင်စာများ ပေးပို့ခဲ့ကြောင်း၊ ယင်းတိုင်စာများ ပေးပို့ရာတွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)ပါဝင်ကြောင်း လက်မှတ်ရေးထိုးတိုင်ကြားသူများက ပြောကြားသည်။ 



ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် မဲဇလီရွာအနောက်ဘက် သနပ်ပစ်ချွန်းကွင်းနှင့် ပေ ၂၀၀ ခန့်အကွာ ထော်လာဂျီနှင့် လှည်းလမ်းဘေး သစ်ပင်အောက်တွင် ဦးချစ်ဆောင်မှာ ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်ပြီး ၎င်းကိုသတ်ဖြတ်ခဲ့သည်ဟု ယူဆရသူများမှာလည်း ရွာထဲတွင် လွတ်လပ်စွာသွားလာနေကြကြောင်း၊ အဆိုပါ သံသယရှိသူများ စာရင်းတွင်ပါဝင်သည့် အမျိုးသားတစ်ဦးမှာလည်း မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဦးချစ်ဆောင်၏ သားအရင်းဖြစ်သူ ဦးအောင်ကိုထိုက်က ပြောကြားသည်။ 



ဦးချစ်ဆောင်ကိုသေဆုံးလျက် ပြန်လည်တွေ့ရှိချိန်တွင် ထိုးသွင်းဒဏ်ရာပေါင်း ၁၂ ချက် အပါအဝင် ဒဏ်ရာအသေးအမွှားပေါင်းများစွာ တွေ့ရှိရခြင်းကြောင့် အုပ်စုဖွဲ့သတ်ဖြတ်ခဲ့သည်ဟု ယူဆရကြောင်း ဦးချစ်ဆောင်၏ သမီးအရင်းဖြစ်သူ ဒေါ်အေးမြမွန်က ပြောဆိုသည်။ 



အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်ရစ်သူ မိသားစုများ၏ တိုင်တန်းစာကို မဖတ်ရသေးသော်လည်း အထင်အမြင်လွဲမှား၍ တိုင်ကြားခြင်းသာဖြစ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်ဦးဆောင်၍ ကျူးလွန်သူကို အမြန်ဆုံးဖမ်းမိရေး ကြိုးစားနေကြောင်း လေးမျက်နှာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပြောကြားသည်။

The Voice

0 comments:

Post a Comment