Sunday, March 31, 2019

ဒဂုံမြို့သစ်မြို့နယ်လေးခုတွင် မဲစာရင်းမှားယွင်းနေ



ဒဂုံမြို့သစ်မြို့နယ်လေးခုတွင် မဲစာရင်းမှားယွင်းမှုကြောင့် မဲပေးခွင့်မရသူ တစ်ထောင်ကျော်ရှိကြောင်း မဲရုံများကိုလှည့်လည်သွားလာနေသည့် စည်ပင်ရွေးကောက်ပွဲမြို့တော်ကော်မတီဝင်လောင်း ဦးသူရအောင်က ပြောသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ကာကျင်းပနေပြီဖြစ်သည်။ 
``ဒီနေ့မနက်ပိုင်းမှာ ကျွန်တော် ရပ်ကွက်ပေါင်း၂၀ကျော်ကို ပတ်ပြီးပါပြီ။ မဲစာရင်းမှာ မပါတာ၊ နာမည်လွဲနေတာမျိုး စာရင်းလွဲချော်မှုတွေက ထောင်ဂဏန်းကျော်တာတွေ့ရပါတယ်။´´ ဟု ဦးသူရအောင်က ပြောသည်။ 

မဲစာရင်းများမှားယွင်းမှုနှင့်ပတ်သက်၍ ပြင်ဆင်ရန် အချိန်၂၈ရက်ခန့်ပေးခဲ့ကြောင်း၊ သို့သော် မဲပေးသည့်နေ (ယနေ့) ပြင်ဆင်ရန်မဖြစ်နိုင်သောကြောင့် မဲပေးမရတော့ကြောင်း မြို့နယ်စည်ပင်ရွေးကောက်ပွဲကော်မရှင်က ပြောဆိုသည်ဟု ဦးသူရအောင်က ပြောသည်။ 
၎င်း၏ တိုက်နာမည်မှာလွဲ၍ မိသားစုဝင် သုံးဦး၏ အမည်များလည်း မှားယွင်းနေသည်ဟု ဒဂုံမြို့သစ်(တောင်းပိုင်း) ၂၆ရပ်ကွက် အောင်ဇေယျအိမ်ရာတွင်နေထိုင်သော ဦးအောင်သိန်းက ဆိုသည်။ 

``ကျွန်တော့်နာမည်ပဲ မှန်တာ။ ကျန်တဲ့သုံးယောက်နာမည်က ကျွန်တော့်အိမ်မှာ ရှိတဲ့နာမည်တွေမဟုတ်ဘူး။ ကျွန်တော့်နာမည်မှန်တာတောင်မှ နေတဲ့ တိုက်နာမည်က မှားနေတယ်။ ကျွန်တော်တို့က မဲပေးဖို့ သန်းခေါင်စာရင်းယူလာရတော့မလိုပဲ´´ဟု ဦးအောင်သိန်း က ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသူရအောင်သည် ဒဂုံမြို့သစ်မြို့နယ်လေးခုဖြစ်သော ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်နေသော ကိုယ်စားလှယ်လောင်းဖြစ်သည်။ 

ဒဂုံမြို့သစ် မြို့နယ်လေးခုတွင် စည်ပင်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၅သိန်းကျော်(၅၈၆၈၄၆ဦး) ရှိသည်။ 


သတင်း- ချမ်းသာ 
ပုံစာ - ဒဂုံမြို့သစ်မြို့နယ်လေးခုရှိ မဲရုံများကိုလှည့်လည်သွားလာခဲ့သည့် စည်ပင်ရွေးကောက်ပွဲမြို့တော်ကော်မတီဝင်လောင်း ဦးသူရအောင်။ဓာတ်ပုံ/သီရိလူ 
The Myanmar Times 

0 comments:

Post a Comment