Saturday, March 30, 2019

တပ်မတော်က မထောက်ခံလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခွင့်မရနိုင်သည့်အတွက် မည်သည့်နည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်မည်ကို လွှတ်တော်ကဖွဲ့စည်းထားသည့် ပူးပေါင်းကော်မတီအနေဖြင့် ပြည်သူကိုအသိပေးသင့်ဟု ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာဆွေးနွေးပွဲက အကြုံပြု


တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မထောက်ခံလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ခွင့်အနည်းငယ်မျှပင် မရနိုင်သည့် အခြေအနေမျိုးတွင် မည်သည့်နည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်မည်ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် မဟာမိတ်များနှင့် ပြည်သူလူထုအား ရှင်းရှင်းလင်းလင်း အသိပေးသင့်ကြောင်း ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲက အကြံ ပြုခဲ့သည်။ 
၈၈ မျိုးဆက်များအပါအဝင် အနီးစပ်ဆုံး ဆွေးနွေးတိုင်ပင်လေ့ရှိကြသည့် ဒီမိုကရေစီရေးလုပ်ဖော်ကိုင်ဖက်များ စုစည်းကာ ‘ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ’ ဆွေးနွေးပွဲတစ်ရပ်ကို မတ် ၁၇ ရက်တွင် ပြုလုပ်ခဲ့ပြီး ထိုဆွေးနွေးပွဲမှ ရရှိလာသည့် စုစည်းရရှိချက်များကို မဟာမိတ်များ အားလုံး ဝိုင်းဝန်းစဉ်းစားအကြံပြုဆွေးနွေးနိုင်ကြရန် အသိပေးထုတ်ပြန်သည့်အနေဖြင့် သတင်းစာရှင်းလင်းပွဲကို မတ် ၃၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ 

လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးအတွက် သွားနေသော လမ်းကြောင်းသုံးကြောင်း တွေ့ရှိရ ကြောင်း၊ ထိုလမ်းကြောင်းသုံးကြောင်းမှာ (၁) ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ လမ်းကြောင်း၊ (၂) ၂၀၀၈ ဖွဲ့စည်းပုံပါ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ ပုဒ်မ ၄၃၅ အရ ပြင်ဆင်ရေးလမ်းကြောင်း နှင့် (၃) ပြည်ထောင်စုငြိမ်းချမ်းရေး ည်ီလာခံ -၂၁ရာစုပင်လုံ သဘောတူညီချက်များမှ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးလမ်းကြောင်းတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုလမ်းကြောင်း သုံးကြောင်းစလုံးသည် နောက်ဆုံးတွင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအခန်း၊ အခန်း(၁၂)၊ ပုဒ်မ ၄၃၆ အရ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မထောက်ခံလျှင် ပြင်ဆင်ခွင့်အနည်းငယ်မျှပင် မရနိုင်သည့် အခြေအနေရှိနေကြောင်း၊ ထိုသို့သော အခြေအနေမျိုးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ အနေဖြင့် မည်သည့်နည်းလမ်းဖြင့် ဆက်လက်ဆောင် ရွက်မည်ကို မဟာမိတ်များနှင့် ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယခုသွားနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လမ်းကြောင်းသုံးကြောင်းဖြင့် လျှောက်လှမ်းနေသည့် တစ်ချိန်တည်းတွင် လွှတ်တော်အတွင်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လမ်းကြောင်းနှစ်ခုကို ဆွေးနွေးခဲ့ကြကြောင်း၊ ထိုလမ်းကြောင်းများမှာ (၁) လက်ရှိ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပေါ် ပြည်သူများ၏ သဘောထားအစစ်အမှန် သိရှိအတည်ပြုရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတစ်ရပ် ပြုလုပ်ရေးလမ်းကြောင်းနှင့် (၂) ပြည်သူ့ လွှတ်တော် ဥပဒေအား ပြင်ဆင်၍ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်အရေအတွက်ကို လျှော့ချပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်သည့်လမ်းကြောင်း( ရည်ညွန်းချက်-Jason Gelbort နယူးယောက်တိုင်းမ် ဆောင်းပါး) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

‘‘ဖွဲ့စည်းပုံပြင်ဆင်ရေးပြဿနာဆိုတာ ဥပဒေပြဿနာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာ။ ကျွန်တော်တို့ရဲ့ အချုံ့ပြန်ပြောမယ်ဆိုလို့ရှိရင် ကျန်တဲ့လမ်းကြောင်းတွေ ရှိသေးတယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးချက် တွေအရ တင်ပြတာ။ Jason Gelbort (ဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ နယူး ယောက်တိုင်းမ်တွင် ဆောင်းပါးရေးသူ) လမ်းကြောင်း၊ နောက် Referendum (ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ) လမ်းကြောင်း။ ဒါတွေ အကုန်လုံးက သူတို့စဉ်းစားလို့ရနိုင်တဲ့လမ်းကြောင်းများဖြစ်တယ်ဆိုတဲ့အနေနဲ့ ပြောတာဖြစ်တယ်’’ဟု ၈၈ မျိုးဆက်တစ်ဦးဖြစ်သည့် ဦးမြအေးက ပြောကြားသည်။ 

ထို့ကြောင့် လက်ရှိလွှမ်းမိုးနေသော နိုင်ငံရေးဖြစ်ပေါ်မှုများအရ ဖော်ပြခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းများကို အောင်မြင်မှုရရှိရန် အပြည့်အဝ မျှော်လင့်ချက်မထားဘဲ နိုင်ငံရေးနည်း နာများအဖြစ်သာ သဘောထားပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသော ဥပဒေ အသစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက်လည်း ယခုကတည်းက အဘက်ဘက်မှ ကြိုတင်ပြင်ဆင် လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးပွဲက ထုတ်ပြန်သည့် အကြံပြုချက်များတွင် ပါရှိသည်။ 

ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခဲ့သည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ဥပဒေ နှင့် မညီညွတ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။ 

တပ်မတော်သားကိုယ်စားလှယ်များဘက်မှ လုပ်ထုံးလုပ်နည်းနှင့်မညီဟုဆိုကာ ကန့်ကွက်မှုများရှိသော်လည်း ယင်းအဆိုကို ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။ 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းကာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။ 

ထိုသို့ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းထားချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက တိုက်ရိုက်ရွေးချယ်နိုင်မည့် ပုဒ်မ ၂၆၁ တစ်ခု တည်းပြင်ဆင်ရေးအား ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဦးဆောင်၍ လွှတ်တော်သို့ဥပဒေကြမ်း တင်သွင်းထားပြီး အဆိုပါဥပဒေကြမ်းကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကလည်း ထောက်ခံထားသည်။ 

သို့ရာတွင် လွှတ်တော်ဥပဒေကြမ်းပူး ပေါင်းကော်မတီကမူ ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦး ပါဝင်သည့် ပူးပေါင်းကော်မတီလုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက်ရန် မှတ်ချက်ပြုထားသည်။ 


Eleven Media Group

0 comments:

Post a Comment