Sunday, March 31, 2019

လက်ရှိအစိုးရလက်ထက် ရန်ကုန်တိုင်းအတွက် ကျပ်ဘီလျံ ၂၀၀ ကျော် တိုးမြှင့်ရှာဖွေသုံးစွဲနိုင်ခဲ့ဟု ဦးဖြိုးမင်းသိန်း ပြော


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စတင်တာဝန်ယူချိန်၌ ကျပ်ဘီလျံ ၄၀၀ ကျော်ဖြင့် စတင်ခဲ့သော်လည်း လက်ရှိတွင် ကျပ်ဘီလျံ ၂၀၀ ကျော်တိုးမြှင့်ရှာဖွေရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 
  
ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် မတ်လ ၂၉ ရက်ကကျင်းပသော ရန်ကုန်တိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာအုပ်မိတ်ဆက်ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ 
“ကျွန်တော်တို့ စတာဝန်ယူတုန်းက ဘီလျံ ၄၀၀ ကျော်လောက်နဲ့စခဲ့တာဖြစ်ပါတယ်။ အခု ဘီလျံ ၆၅၀ ပေါ့။ ဒါကျွန်တော်တို့တာဝန်ယူနေတဲ့အချိန်ကာလမှာ အခုလာမယ့်ဒီနှစ်ဘတ်ဂျက်အတွင်းမှာ၂၀၁၈-၂၀၁၉ RE ဘတ်ဂျက်မှာအပြီးသတ်ဖို့ ကျွန်တော်တို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါကြောင့်မို့ ကျွန်တော်တို့ ၂၀၀ ဘီလျံကျော် တိုးပြီးရှာဖွေသုံးစွဲနိုင်ခဲ့တဲ့အခြေအနေရှိပါတယ်။ မြန်မာနိုင်ငံလုံးနဲ့ ကြည့်မယ်ဆိုရင်လည်း ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာပိုပြီးသုံးစွဲလာနိုင်တဲ့အခြေအနေတွေရှိပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး ဂျီဒီပီမှာ ကျပ်သန်းပေါင်း ၂၇၁၄၂၉၀၇.၄၀၀ ရှိပြီး ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၉.၈ ရာခိုင်နှုန်းဖြစ်၍ လိုငွေနှင့်ဂျီဒီပီအချိုးမှာ ၀.၂၃ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ 
ရန်ကုန်တိုင်းဒေသကြီးအစိုးရလက်ထက်တွင် လမ်းများ၊တံတားများအသစ်ထပ်မံ ဆောက်လုပ်ခဲ့ပြီး အထင်ရှားဆုံးပြောင်းလဲမှုမှာ ရန်ကုန်မြို့ခရီးသည်တင်ယာဉ် ဘတ်စ်ကားများကို ယခင် မ.ထ.သ စနစ်မှ ၀ိုင်ဘီအက်စ်စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ 

မင်းသီဟန်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment