Saturday, March 30, 2019

မဲဆန္ဒနယ်အမှတ် ၅ မှ အနိုင်ရသူ ဒုတိယမြို့တော်ဝန်ဖြစ်မည်ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ်အချို့ခန့်မှန်း


ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ် ၅ မှ အနိုင်ရလာသူသာ ဒုတိယမြို့တော်ဝန် ဖြစ်လာနိုင်ကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအချို့က ခန့်မှန်းပြောဆိုနေကြသည်။ 
အဆိုပါရွေးကောက်ပွဲကို မတ်လ ၃၁ ရက်(ယနေ့) ပြုလုပ်မည်ဖြစ်ရာ လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့ကို ကိုယ်စားပြုသည့် မဲဆန္ဒနယ်အမှတ် - ၅ မှ အနိုင်ရသူက ဒုတိယမြို့တော်ဝန်ဖြစ်မည်ဟု မဲဆန္ဒနယ်အမှတ် ၃ တွင် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်စိုးထွဋ် (နွယ်ရိုး) က ခန့်မှန်းပြောကြားသည်။ 

အဆိုပါမဲဆန္ဒနယ်သို့ အစိုးရအဖွဲ့ အကြီးအကဲများ သွားရောက်မှု အများဆုံးဖြစ်ပြီး ဆန္ဒပြပွဲနှင့် ကျူးကျော်ကိစ္စများအပြင် အစိုးရအဖွဲ့အတွက် ခေါင်းခဲစေသည့်ကိစ္စ အများစုမှာလည်း အမှတ် ၅ မဲဆန္ဒနယ်တွင်သာ ဖြစ်နေသောကြောင့် ဒုတိယမြို့တော်ဝန်မှာ မဲဆန္ဒနယ်အမှတ် ၅ မှ အနိုင်ရသူသာ ရွေးချယ်ခံရမည်ဟု ၎င်းကပြောဆိုသည်။ 

ဒုတိယမြို့တော်ဝန်ကို ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် မဲဆန္ဒနယ်ခြောက်ခုမှ ကော်မတီဝင် ခြောက်ဦးနှင့် ရန်ကုန်တိုင်းအစိုးရက ခန့်အပ်ထားသည့် ကော်မတီဝင်ငါးဦး စုစုပေါင်း ၁၁ ဦးဖြင့် မဲခွဲဆုံးဖြတ်ရွေးချယ်မည်ဖြစ်ရာ ဒုတိယမြို့တော်ဝန်မှာ လက်ရှိအာဏာရပါတီမှ သဘောကျသည့်သူသာ ဖြစ်နိုင်လာကြောင်း အခြားမဲဆန္ဒနယ်များမှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကလည်း ခန့်မှန်းထားသည်။ 

“ဒီမိုကရေစီနည်းအရဆိုရင် မဲဆန္ဒနယ် ခြောက်ခုက မဲအများဆုံးရတဲ့သူကို ဒုတိယမြို့တော်ဝန်ခန့်ရပါမယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေမှာလဲ ဒီအတိုင်းပါပဲ။ ၂၀၁၈ စည်ပင်ဥပဒေကိုလဲ ဒီတိုင်းပဲ သွားတယ်ပေါ့။ ဒီမိုကရေစီနည်းအရဆိုရင် မဲအများဆုံးသူကို ခန့်သင့်တာပေါ့။ ၁၁ ယောက်ထဲက မဲနဲ့ပြန်ပေးရတယ်ဆိုတော့ တစ်သီးပုဂ္ဂလတွေအတွက် နစ်နာပါတယ်”ဟု ဆန္ဒနယ်အမှတ် - ၄ မှ မြို့တော်ကော်မတီဝင်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်အောင်က ပြောဆိုသည်။ 

မဲဆန္ဒနယ် ၅ တွင် ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ လေးဦးရှိရာ ယင်းလေးဦးတွင် NLD ပါတီဝင်တစ်ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် သုံးဦးရှိသည်။ 

မဲဆန္ဒနယ် ၅ တွင်ပါဝင်နေသော အင်းစိန်မြို့နယ်တွင် ဦးစိုးမင်းဦး (တစ်သီးပုဂ္ဂလ)နှင့် ဦးထင်အောင်ကျော်ထက် (တစ်သီးပုဂ္ဂလ)၊ လှိုင်သာယာမြို့နယ်တွင် ဦးကြည်စိုး(တစ်သီးပုဂ္ဂလ)နှင့် ဒေါ်နန့်စုရွှေစင် (ခ) မဝိုင်း (NLD) တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မဲဆန္ဒနယ်အမှတ် ၅ မှ အနိုင်ရသူသည် ဒုတိယမြို့တော်ဝန် ဖြစ်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ “မနက်ဖြန် (မတ် ၃၁) ရက်နေ့အတွက်ပဲ အမခေါင်းထဲမှာရှိပါတယ်။ မနက်ဖြန်ပဲ မဲနိုင်ပါစေအုံး။ ကျန်တာတွေကတော့ ဖြစ်လာမယ်ဆိုရင် သူ့ဟာသူ ဖြစ်လာမှာဘဲ”ဟု မဲဆန္ဒနယ် ၅ မှ ဒေါ်နန့်စုရွှေစင် (ခ) မဝိုင်း (NLD) က တုံ့ပြန်ပြောဆိုသည်။ 


ဒုတိယမြို့တော်ဝန် အပါအဝင် ကော်မတီဝင် ခြောက်ဦးနေရာအတွက် ၂၇ ဦး၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌနေရာ ၃၃ နေရာ အတွက် ၉၉ ဦး၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင် - ၁ နေရာ ၃၃ နေရာအတွက် ၇၄ ဦး၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင် - ၂ နေရာအတွက် လာရောက်လျှောက်ထားသူ ၇၂ ဦး၊ စုစုပေါင်း ၂၇၂ ဦးယှဉ်ပြိုင်ခွင့်ရထားပြီး ယင်းတို့အနက်မှ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်ခံရမည့်သူ အပါအဝင် မြို့တော်ကော်မတီဝင်နေရာအတွက် ခြောက်ဦး၊ မြို့နယ်အဆင့်အတွက် စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ ၃၃ မြို့နယ်မှ မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင် သာယာအဖွဲ့ဝင်-၁ နှင့် မြို့နယ်စည်ပင်သာယာ အဖွဲ့ဝင်-၂ အတွက် ကိုယ်စားလှယ်ပေါင်း ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦး ရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားသည်။

The Voice 

0 comments:

Post a Comment