Sunday, March 31, 2019

မြန်မာနိုင်ငံရှိ လူဦးရေ နှစ်သန်းအထက်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး အသက် ၁၅ နှစ်မှ ၃၉ နှစ်ဝန်းကျင် အလုပ်လုပ်နိုင်သည့်လူငယ် အများဆုံးဖြစ်


မြန်မာနိုင်ငံရှိ လူဦးရေ နှစ်သန်းအထက်မှာ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး အသက် ၁၅ နှစ်မှ ၃၉ နှစ်ဝန်းကျင် အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်များ အများဆုံး ဖြစ်နေကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ သိရသည်။ 
လက်ရှိ အိမ်ထောင်စုဝင် နှစ်သန်းခန့်မှာ နိုင်ငံခြားတွင် ရောက်ရှိနေထိုင်လျက်ရှိပြီး အဆိုပါ လူဦးရေတွင် အမျိုးသား ၁ ဒသမ ၂ သန်း (၆၁ ရာခိုင်နှုန်း) ပါဝင်နေပြီး နိုင်ငံခြားတွင် ရောက်ရှိနေသူများအနက် ထိုင်းနိုင်ငံတွင် ရာခိုင်နှုန်း ၇၀ ခန့်၊ မလေးရှားနိုင်ငံတွင် ၁၅ ရာခိုင်နှုန်းခန့်နှင့် ကျန် ၁၅ ရာခိုင်နှုန်းမှာ အခြားပြည်ပ နိုင်ငံများတွင် ရောက်ရှိနေထိုင်လျက် ရှိကြောင်းနှင့် လူဦးရေ နှစ်သန်းအနက် ၁ ဒသမ ၇ သန်းခန့်မှာ အလုပ်လုပ်နိုင်သည့် အသက် ၁၅ နှစ်မှ ၃၉ နှစ် (၈၃ ရာခိုင်နှုန်းခန့်) အတွင်း ရှိသူများဖြစ်ပြီး ယင်းလူဦးရေတွင် ၁ ဒသမ ၁ သန်းခန့်သည် အမျိုးသားများ ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများသည့် နိုင်ငံများတွင် ပါဝင်ပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ပဋိပက္ခစစ်ပွဲများနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် အဓိက ရွှေ့ပြောင်းနေထိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။ 

ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားဦးရေ သိန်းချီရှိသည်ဟု ဆိုသော်လည်း စာရင်းအတိအကျ ကောက်ယူထားခြင်း မရှိသည့်အတွက် ယခုထက်ပိုမိုနိုင်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများတွင် နိုင်ငံသားများ အပါအဝင် နိုင်ငံသား မဟုတ်သူများလည်း ပါဝင်ကြောင်းနှင့် ရွှေ့ပြောင်းသူများသည် ပြည်တွင်း၌ ရွှေ့ပြောင်းနေထိုင်ခြင်း များသာမက အလုပ်အကိုင်နှင့် ပညာရေး အခွင့်အလမ်းပေါ် မူတည်၍ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်မှုများလည်း ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ပြင် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် ထုတ်ပြန်ထားချက်အရ ယခင်နေထိုင်ခဲ့သည့်အရပ်မှ လက်ရှိနေမြဲအရပ်သို့ ရွှေ့ပြောင်းလာသည့် ၅၃ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြောင်း၊ ကျားမအုပ်စု နှစ်ခုစလုံးတွင် ရွှေ့ပြောင်းရသည့် အဓိက အကြောင်းရင်းများမှာ ‘မိသားစုနောက်လိုက်၍’ နှင့် ‘အလုပ်ကြောင့်/အလုပ်ရှာရန်’ တို့ကြောင့်ဖြစ်ပြီး မိသားစုနောက်လိုက်၍ ပြောင်းရွှေ့ရခြင်းတွင် အမျိုးသား ၃၂ ရာခိုင်နှုန်းထက် အမျိုးသမီး ၄၉ ရာခိုင်နှုန်း ပိုများနေပြီး အလုပ်ကြောင့်၊ အလုပ်ရှာရန်အတွက် ရွှေ့ပြောင်းမှုတွင် အမျိုးသားများ ၄၇ ရာခိုင်နှုန်းက အမျိုးသမီး ၂၃ ရာခိုင်နှုန်းထက် ပိုများနေကြောင်း သိရသည်။ 

ကမ္ဘာတစ်ဝန်းတွင် ရွှေ့ပြောင်း နေထိုင်သူဦးရေ တစ်ဘီလျံခန့်ရှိကြောင်း သိရသည်။

Eleven Media Group 

0 comments:

Post a Comment