Sunday, March 31, 2019

ထိုင်းရွေးကောက်ပွဲ ကော်မရှင်၏ ဂုဏ်သိက္ခာကို ဖွေထိုင်းပါတီ မေးခွန်းထုတ်


ထိုင်းနိုင်ငံမှာ ၂၀၁၄ စစ်အာဏာသိမ်းအပြီး ပထမဆုံး ရွေးကောက်ပွဲမှာ မဲတွေ ရာနှုန်းပြည့် ရေတွက်ပြီးစီးချိန် လက်ရှိ စစ်အစိုးရခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်း ကိုယ်စားလှယ်အဖြစ် နာမည်စာရင်းသွင်းခဲ့တဲ့ ပါတီက မဲအများဆုံး ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ 
ဒါကြောင့် အတိုက်အခံ ဖွေထိုင်းပါတီရဲ့ အကြီးတန်း အဖွဲ့ဝင်တွေက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်ခဲ့တာပါ။ 

ဖွေထိုင်းပါတီ အတွင်းရေးမှူးချုပ် ဖွန်ထမ် ဝိချယာချိုင် “ပုံမှန်အားဖြင့် မဲရုံတွေပိတ်အပြီး ခဏအတွင်း မဲရှင်အရေအတွက်၊ ဘယ်သူက မဲဘယ်လောက်ရလဲ၊ လူဘယ်လောက်က ဘယ်သူ့အတွက် မဲပေးလဲဆိုတာ အားလုံးသိကြမှာပဲ။ ၂ နာရီလောက်ကြာရင် ပါတီတွေက ညွန့်ပေါင်းဖွဲ့ဖို့ ဆွေးနွေးနိုင်နေပြီ။ ခုတကြိမ်မှာတော့ အချိန်လေးရက် ကြာသွားတယ်။ ကနဦး မဲရလဒ်တွေ ကြေညာတယ်။ ကိန်းဂဏန်းတွေက ကွာဟနေလို့ ရှုပ်ထွေးကုန်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကို ဘယ်လိုယုံကြည်နိုင်မလဲ” လို့ မေးခွန်းထုတ်လိုက်ပါတယ်။ 

ကြာသပတေးနေ့က ကြေညာခဲ့တဲ့ မဲပေးသူ အရေအတွက်ဟာ မတ်လ ၂၄ ရက် မဲပေးချိန်က ကြေညာတဲ့ မဲရှင်အရေအတွက်ထက် ၃ သောင်းကျော် ပိုနေခဲ့လို့ ကိန်းဂဏန်း ကွာဟချက်အပေါ် ဖွေထိုင်းပါတီ အတွင်းရေးမှူးချုပ် ဖွန်ထမ် ဝိချယာချိုင်က မေးခွန်းထုတ်ပါတယ်။ 

ဆက်လက်ပြီး သူက “ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာဆက်ခံရေးကို ပံ့ပိုးဖို့ အကွက်ချနေတယ်လို့ လူတွေရှုမြင်ခံရအောင် လုပ်နေမယ့်အစား ပွင့်လင်းမျှတတယ်လို့ ပြည်သူတွေက ယုံကြည်လာအောင် အားလုံးကို ရှင်းရှင်းလင်းလင်း လုပ်ရမယ်။ ရှင်းအောင် လုပ်ဖို့နဲ့ တာဝန်ယူဖို့လိုတယ်” လို့ ပြောပါတယ်။ 

ရွေးကောက်ပွဲမှာ စစ်တပ်ကို လိုလားတဲ့ ဖလန်းပရချားရတ်ပါတီက မဲပေါင်း ၈.၄ သန်း ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီး ဖယ်ရှားခံရတဲ့ ရွေးကောက်ခံအစိုးရကို ဖွဲ့ခဲ့သူ အဓိကအတိုက်အခံ ဖွေထိုင်းပါတီက ၇.၉ သန်း မဲရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ 

ရွေးကောက်ပွဲအတွင်း အောက်လွှတ်တော်အတွက် လွှတ်တော်အမတ်နေရာ အများစုကို ဖွေထိုင်းပါတီက ရခဲ့တာပါ။ ဒါပေမယ့် ရှုပ်ထွေးတဲ့ ရွေးကောက်ပွဲစနစ်အရ ပါတီတွေအတွက် ဝေပုံကျ အမတ်နေရာတွေပါ ထည့်ပေါင်း တွက်ချက်ထားတဲ့ အပြီးသတ် အောင်နိုင်သူ ဘယ်သူဆိုတာကို ရွေးကောက်ပွဲကော်မရှင်က မေလ ၉ ရက်မှာမှ ကြေညာမယ်လို့ ပြောထားပါတယ်။

DVB

0 comments:

Post a Comment