Sunday, March 31, 2019

ခြေဥ ပြင်ဆင်ရမည့်ပုဒ်မများကို လူအများသိရှိစေရန် လူထုထောက်ခံပွဲ ပြုလုပ်နေခြင်းဟု ဆို


နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံဥပဒေတွင် ပြင်ဆင်ရမည့် ပုဒ်မများကို ပြည်သူများသိအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုထောက်ခံပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု ထောက်ခံပွဲဆပ်ကော်မတီပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းက ပြောသည်။ 
၎င်းပွဲသို့ တက်ရောက်လာခြင်းအားဖြင့် ဥပဒေပညာရှင်များက ဟောပြောသွားမည်ဖြစ်သောကြောင့် ဥပဒေတွင်ရှေ့နောက်မညီသည့် အချက်များကို သိရှိသွားမည်ဖြစ်သည်ဟု ဆိုသည်။ 

“အခုလို ပညာရှင်တွေက ဘယ်အချက်က ဘယ်အချက်က ဥပဒေနဲ့ မညီဘူး။ ဘာ့ကြောင့် မညီတာဆိုတာကို ခုလိုမျိုးပွဲတွေမှာ ပညာရှင်က ဟောပြောတော့ ပြည်သူတွေ အားလုံးက နားလည်သွားတာပေါ့။ ဒီသဘောပါပဲ။ ကျန်တဲ့ပုဒ်မတွေကိုလည်း အဲ့လိုမျိုး ပြည်သူတွေ သိအောင် လုပ်ဖြစ်တာပါ”ဟု ဦးထွန်းဝင်းက ပြောသည်။ 

ခြေဥထောက်ခံပွဲကို ယနေ့ မတ် ၃၁ ရက်နေ့ နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ် ၊ ရွှေကြာပင်ရပ်ကွက်ရှိ ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါပွဲအတွင်း တက်ရောက်သူ ဦးရေ နှစ်သောင်းခွဲကျော်ခန့်ရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံလက်မှတ်များကိုပါ ကောက်ခံသွားပြီး ထိုကောက်ခံရရှိသည့်စာရင်းကိုတော့ ထုတ်ဖော်ပြောဆို၍ မရကြောင်း ဦးထွန်းဝင်းက ဆိုသည်။ 

“ကျွန်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်လို့ တက်တာပါ။ ပြည်သူအားလုံး ဒီအကျိုးရှိမယ့်ဟာကိုပြင်ဆင်ချင်တာ။ အဲဒါကြောင့် ကျွန်တော်က တက်ရောက်ဖြစ်တာပါ”ဟု လယ်ဝေးမြို့နယ်မှ ထောက်ခံပွဲသို့ တက်ရောက်လာသည့် ဦးလင်းထွန်းက ပြောသည်။ 

ပြင်ဆင်ရေး ထောက်ခံပွဲတွင် စာရေးဆရာ ထင်လင်းဦး၊ စာရေးဆရာ မာန်(တောင်လုံးပြန်)တို့က ဟောပြောခဲ့ကြပြီး၊ ပန်းရဲ့လမ်းဂီတအဖွဲ့၊ ဦးပန်းသီး ဦးဆောင်သည့်(ဇွဲအငြိမ့်သဘင်)တို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။ 

၎င်းပွဲ မကျင်းပမှီ မတ် ၂၉ ရက်နေ့ ညပိုင်းက ပွဲကျင်းပရန် ပြင်ဆင်ထားသည့် ဗီနိုင်းဆိုင်းဘုတ်များကို မီးရှို့ဖျက်ဆီးခံခဲ့ရမှုများ ရှိခဲ့ကြောင်း သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment