Sunday, March 31, 2019

မြို့နယ်များသို့ကွင်းဆင်းရာ၌ မြောင်းမကောင်းကြောင်းဝိုင်းတိုင်ကြဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော


ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းရာ၌ မြောင်းမကောင်းကြောင်း ပြည်သူများက ဝိုင်းတိုင်ကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 
  
ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် မတ်လ ၂၉ ရက်ကကျင်းပသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာအုပ်မိတ်ဆက်ပွဲတွင် ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ 

“ ဒီရက်ပိုင်းအတွင်းမှာ မြို့နယ်တွေတော်တော်များများကို ကျွန်တော်ရောက်ပါတယ်။ ရောက်တဲ့အချိန်မှာ မြို့နယ်တွေတော်တော်များများက ကျွန်တော့်ကိုပြောတဲ့အသံဟာတော်တော်လေးတူညီပါတယ်။ တစ်ခုကဘာလဲဆိုတော့ သူတို့အားလုံးဟာလမ်းတွေကတော်တော်လေးကောင်းလာတယ်တဲ့။ ကွန်ကရစ်လမ်းတွေလည်းဖြစ်လာတယ်တဲ့။ ဒါပေမဲ့မြောင်းတွေကမကောင်းဘူးတဲ့။ အမှိုက်တွေကလည်း စည်းကမ်းမဲ့တစ်အားပစ်တယ်တဲ့။ မြောင်းတွေထဲမှာ အမှိုက်တွေပဲပစ်တယ်။ မြောင်းတွေမကောင်းတဲ့အတွက် မြောင်းတွေထဲမှာ ရေတင်နေတဲ့အတွက်ခြင်ကိုက်တယ်တဲ့။ ခြင်ကိုက်တော့ ကလေးတွေမှာ သွေးလွန်တုပ်ကွေး တအားဖြစ်ပါတယ်တဲ့။ ဒီအသံဟာတော်တော်တူညီတဲ့အခြေအနေမှာတွေ့ရပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

ထို့ကြောင့် မြောင်းများကောင်းမွန်စေရန် တည်ဆောက်နည်းကို လာမည့် ဘက်ဂျက်နှစ်၌ ထည့်သွင်းကာ စီမံဆောင်ရွက်ရေး စဉ်းစားကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေနုတ်မြောင်းများနှင့် မြောင်းများသန့်ရှင်းရေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။ 

မင်းသီဟန်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment