Sunday, March 31, 2019

လွတ်​ငြိမ်းချမ်းသာခွင့်​ပေးကြောင်း သတင်းအမှားတင်​သူကို ဆက်​သွယ်​​ရေးဥပ​ဒေဖြင့်​ အမှုဖွင့်

နိုင်​ငံ​တော်​သမ္မကြီးဦးဝင်းမြင့်​က လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် သတင်းအမှားကို လူမှုကွန်ယက် facebook ပေါ်တွင် တင်ခဲ့သည် သူအား ဆက်​သွယ်​​ရေးဥပ​ဒေဖြင့်​ အမှုဖွင့်​ထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။ 
မတ်​လ ၂၉ ရက်​​နေ့က ​ကျော်​​ထွေး အမည်ဖြင့် လူမှုကွန်ယက်သုံးစွဲသူ နိုင်​ငံ​တော်​သမ္မတဦးဝင်းမြင့်​က အကျဉ်းသူအကျဉ်းသားများ လွတ်​ငြိမ်းချမ်းသာခွင့်​​ပေးကြောင်း နှင့် အသက်အရွယ်ကြီးသူများ ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အကျဉ်းကျနေသူများ လွှတ်ပေးကြောင်း ရေးသားထားခြင်းဖြစ်သည် ။ 
ထို့အပြင် သမ္မတအမိန့်နဲ့ ပြန်လွတ်လာသူ ၈ ထောင် ကျော်မှာ လွတ်သင့် လွှတ်ထိုက်သူတွေသာ ရွေးချယ် စီစစ်ပြီး လွှတ်လိုက်တာတွေ့ရကြောင်း ၊ တိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့ ပြည်သူအပေါ်မှာထားတဲ့ သမ္မတကြီးရဲ့ စိတ်စေတနာကို မြင်တွေ့နိုင်ပါလိမ့်မည် ဆိုသည့်အကြောင်း နှင့် ပြန်လည်လွတ်မြောက်လာသူများ သမ္မတကြီးရဲ့ ဆန္ဒအတိုင်း တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာက ပါဝင်အကျိုးပြုနိုင်ကြပါစေကြောင်း ရေးသားထားသည် ။ 
ယင်းသို့ မဟုတ်မမှန် ရေးသားသည့် သတင်းအမှားကြောင့် အကျဉ်းသားများသည် လွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်မျှော်နေခြင်း ၊ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် အကြောင်းပြု၍ အကျဉ်းထောင်အတွင်း အဖျက်အမှောက်များဝင်ရောက်လာနိုင်ပြီး အကျဉ်းထောင်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာနိုင်သည့်အပြင် ထောင်တွင်းဆူပူအကြမ်းဖက်မှုအထိ ဖြစ်ပေါ်လာနိုင်သည့်အတွက် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည် ။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်း ၏ တိုင်​တန်းမှု​ကြောင့်​ ​အောင်​​မြေသာစံမြို့နယ်​ အမှတ်​ (၂) နယ်​​မြေရဲစခန်းတွင်​ ကျော်ထွေးအမည်ဖြင့် facebook လူမှုကွန်သုံးစွဲသူအား ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ ၆၆ (ဃ) အရ အမှုဖွင့်​ထားပြီး ဖမ်းဆီးရမိရေး စုံစမ်း​နေဆဲဖြစ်​​ကြောင်း သိရသည်​။

နိုင်လင်းဦး 
The Fifth Wave News 

0 comments:

Post a Comment