Thursday, April 25, 2019

AA လက်နက်ကိုင်အဖွဲ့များ မီးရှို့ခဲ့သော ပလက်ဝတံတားအတွက် သံပေါင်များကို ဆေးသုတ်ပြီး ပြန်လည် အသုံးပြုနိုင်ပြီဖြစ်၍ တံတား တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေ


AA လက်နက်ကိုင်အဖွဲ့များ မီးရှို့ခဲ့သော ပလက်ဝတံတားအတွက် သံပေါင်များကို ဆေးသုတ်ပြီး ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကာ အဆိုပါ ပလက်ဝတံတား တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရ စည်ပင်ဝန်ကြီး ဦးစိုးထက် က ပြောကြားသည်။ 
“ဂျပန်တွေ လာကြည့်သွားပြီ။ ပျက်စီးမှုတော့ အများကြီး မရှိဘူး။ ပြန်သုံးလို့ရမယ်လို့ ပြောသွားတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဓာတ်ခွဲစမ်းသပ်မှုလည်း လုပ်ပါ့မယ် ။ အဖြေတော့ မထွက်သေးဘူး။ လက်ရှိ မျက်မြင်မှာပဲ ဆေးပြန်သုတ်ပြီး ပြန်လုံးလို့ ရမယ်လို့ သိထားပါတယ်။ ပလက်ဝတံတား တည်ဆောက်မှု လုပ်ငန်းကလည်း မရပ်ထားပါဘူး။ ဆက်လုပ်နေပါတယ်။ သံပေါင်အပိုင်း မဟုတ်ဘဲ တခြား လုပ်စရာတွေရှိလို့ ဆက်လုပ်နေပါတယ်။ ဒီဟာ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း ချဉ်းကပ်လမ်း ရှိတယ်။ အဲဒီအပိုင်းတွေကို ဆက်လုပ်နေတာပေါ့။ အလည်မှာ ဆက်ရမယ့်ဥစ္စာပေါ့။ အရှေ့ဘက်ကမ်းနဲ့ အနောက်ဖက်ကမ်း နှစ်ခုရှိတယ်။ အခု သံပေါင်က အရှေ့ဘက်ကမ်းက သံပေါင်က မီးရှို့ခံရတာ။ အနောက်ဘက်ကမ်းက သင်္ဘောတစ်စင်းတိုက်ကလည်း ရန်ကုန်ကလည်း သယ်ဖို့ ရှိပါတယ်။ အဲဒါတွေ အားလုံးပေါင်းမှ သံပေါင်က တံတားတစ်စင်းလုံး အပြည့်ဖြစ်သွားမှာပါ” ဟု ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ဆိုသည်။ 

အဆိုပါ တံတား တည်ဆောက်ရေးတွင် အသုံးပြုရန်အတွက် သံပေါင် တန်ချိန် ၂၈၆ ဒသမ ၂၃ တန်နှင့် ဆက်စပ်ပစ္စည်းများကို သယ်ဆောင်စဉ် မတ် ၁၆ ရက်က AA လက်နက်ကိုင်အဖွဲ့က ပလက်ဝမြို့နယ် အောက်သဲမဝကျေးရွာအနီးတွင် လက်နက်များဖြင့် ပစ်ခတ်၍ မီးလောင်ကျွမ်းခဲ့ရာ တံတား၏ Bearing များ၊ မူလီနှင့် Nut များ၊ သုတ်ဆေးပုံးများ မီးလောင်ကျွမ်းခြင်း ခံခဲ့ရသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

“ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရက်ကိုလည်း ပြီးနိုင်ပါတယ်။ ပြည်ထောင်စု ဘတ်ဂျက်ရော၊ ပြည်နယ် ဘတ်ဂျက်ရော ထည့်ထားပြီးပါပြီ။ သတ်မှတ်အချိန်အတိုင်း ပြီးမှာပါ။ တံတားအရှည်က ပေ ၁၅၀၀ ဝန်းကျင် ရှိပြီး ချဉ်းကပ်လမ်း အပါအဝင်ဆိုရင် ပေ ၂၀၀၀ ဝန်းကျင်လောက် ရှိပါတယ်။ တံတား တည်ဆောက်မှုက ၆၅ ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီလို့ ပြောရမယ်။ ဒီ တံတားက ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် အစီအစဉ်နဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ ကြားမှာ နှောင့်ယှက်မှု မရှိဘူးဆိုရင်တော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် အမြန်ပြီးမှာပေါ့။ ဖွံ့ဖြိုးရေးလုပ်ငန်းကို နှောင့်ယှက်နေမယ် ဆိုရင်တော့ ဒါက မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ” ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။ 

အဆိုပါ ပလက်ဝတံတားသည် ပလက်ဝမြို့ ကုလားတန်မြစ်ပေါ်တွင် တည်ဆောက်နေသည့် မြစ်ကူးတံတား တစ်စင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှ တာဝန်ယူ တည်ဆောက်ကာ ကျပ်ငွေ ၂၇ ဘီလျံ အသုံးပြုနေပြီး ၆၅ ရာခိုင်နှုန်းခန့် တည်ဆောက်မှု ပြီးစီးနေသည့် တံတားစီမံကိန်း တစ်ခုဖြစ်ပြီး ချင်းပြည်နယ်အစိုးရမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။                 

Eleven Media Group

0 comments:

Post a Comment