Thursday, April 25, 2019

ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်ကို အသေးစိတ် ပြန်လည်ပြုပြင်မွမ်းမံ


ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သည့် Wolseley 18/85 မော်တော်ယာဉ်ကို ရက်ပေါင်း ၂၄၅ ရက်ကြာ အချိန်ယူကာ အသေးစိတ် ပြုပြင်မွမ်းမံမှု ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပမော်တော်ယာဉ်ကို ပြုပြင်ပေးခဲ့သည့် Htoo Auto Service က ထုတ်ပြန်ခဲ့သည်။ 
အဆိုပါ မော်တော်ယာဉ်သည် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးအချိန်ထိ စီးနင်းခဲ့သည့် မော်တော်ယာဉ်ဖြစ်ပြီး နတ်မောက်လမ်းတွင်ရှိသော ဗိုလ်ချုပ်နေအိမ် ပြတိုက်တွင် ပြထားသည့် မော်တော်ယာဉ်လည်းဖြစ်သည်။ 

အဆိုပါ မော်တော်ယာဉ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မွမ်းမံစေလိုသည့်အတွက် ပြန်လည် အသေးစိတ် မွမ်းမံခဲ့ခြင်းဖြစ်ကြောင်း မော်တော်ယာဉ်ပြုပြင်ခဲ့သည့် Htoo Auto Service မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ရက်ပေါင်း ၂၄၅ ရက်အတွင်း မော်တော်ယာဉ်တစ်စီးလုံးကို အတွင်းပိုင်း အင်ဂျင်များမှအစ အသေးစိတ် ပြုပြင်ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ပြုပြင်ခဲ့သည့် မှတ်တမ်း ဗီဒီယိုများနှင့် ဓာတ်ပုံများကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဗိုလ်ချုပ်အောင်ဆန်း၏ မော်တော်ယာဉ်သည် Wolseley 18/85 ဖြစ်ပြီး ၁၉၃၈ ကနေ ၁၉၄၈ အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ အမျိုးအစားဖြစ်ကာ တံခါး ၄ ချပ် ပါဝင်သည့် Saloon ကားဖြစ်ပြီး ဆလင်ဒါ ၆ လုံး ထိုး အင်ဂျင်ဖြစ်ကြောင်းလည်း အဆိုပါ ကား Service ထံမှ သိရသည်။ 

အဆိုပါ မော်တော်ယာဉ်ကို နေအိမ်ပြတိုက်တွင် ဆက်လက်ထားမထားနှင့် မည်သည့်နေရာတွင် အသုံးပြုသွားမည်ကိုမူ သိရှိရခြင်း မရှိသေးပေ။ 

ရန်ကုန်မြို့ နတ်မောက်လမ်းတွင်ရှိသော ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် အဆိုပါ မော်တော်ယာဉ်အပါအဝင် ဗိုလ်ချုပ်၏လက်ရေးမူများ၊ အသုံးအဆောင်ပရိဘောဂများ၊ ဗိုလ်ချုပ်၏ ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်ပုံတူရုပ်တု စသည်တို့ကို ပြသထားသည်။

The Voice

0 comments:

Post a Comment