Sunday, April 28, 2019

မြန်မာနိုင်ငံတွင် ပင်စင်စား အရေအတွက် တစ်သန်းပြည့်တော့မည်ဖြစ်ပြီး အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံခန့် ကုန်ကျနေသည့်အတွက် အစိုးရက စိုက်ထုတ်နေရသည့် ပင်စင်စနစ်အစား ဝန်ထမ်းနှင့် အစိုးရက ငွေစိုက်ထည့်ရမည့် သူပေးကိုယ်ပေး စနစ် အကောင်အထည်ဖော်မည်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား


မြန်မာနိုင်ငံတွင် ပင်စင်စားအရေအတွက် တစ်သန်းပြည့်တော့မည်ဖြစ်ပြီး အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံခန့် ကုန်ကျနေသည့်အတွက် အစိုးရက စိုက်ထုတ်နေရသည့် ပင်စင်စနစ်အစား ဝန်ထမ်းနှင့် အစိုးရ က ငွေစိုက်ထည့်ရမည့် သူပေးကိုယ်ပေးစနစ် အကောင်အထည်ဖော်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။ 
“ကျွန်တော်တို့နိုင်ငံမှာ ပင်စင်စားအရေအတွက် တစ်သန်းပြည့်ပါတော့မယ်။ ဒီ တစ်သန်းအတွက် ကျွန်တော်တို့ နိုင်ငံ့အခွန်ကရငွေ ခြောက်ပုံတစ်ပုံလောက် အသုံးပြုနေရပါတယ်။ သူတို့ကို ကျွန်တော်တို့ မပေးချင်လို့ မဟုတ်ပါဘူး။ ပေးချင်ပါတယ်။ သူတို့ရဲ့ နိုင်ငံတော်အတွက် ကြိုးပမ်းခဲ့တဲ့ လုပ်အားကို အလေးပြုတဲ့အနေနဲ့ ပင်စင်ကို ကျွန်တော်တို့ ပေးချင်ပါတယ်။ သို့သော်လည်း ပင်စင်ဟာ တဖြည်းဖြည်း မြင့်မြင့်လာတဲ့ အခါကျတော့ နောက်ပိုင်း ကျတော့ ပင်စင်တစ်ခုတည်းနဲ့ကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်က လျော့လျော့သွားပါတယ်။ ဒါ ကြောင့်မို့လို့ ကျွန်တော်တို့က Central Providence Fund ဆိုတဲ့ သူပေးကိုယ်ပေးပေါ့။ ဝန်ထမ်းကလည်း ထည့်မယ်။ အစိုးရကလည်း ထည့်မယ်ဆိုတဲ့ Central Providence Fund ကြီး ထောင်ဖို့ ရှိပါတယ်” ဟု ဦးစိုးဝင်း က ပြောကြားသည်။ 

ထိုသို့ Central Providence Fund ကို ထူထောင်နိုင်ရန် ဥပဒေကြမ်းကိုလည်း ရေးဆွဲနေပြီး ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ဝန်ထမ်းများအားလုံး ပင်စင်ကို သေတစ်ပန် သက်တစ်ဆုံး ခံစားနိုင်မည်ဖြစ်သော်လည်း Central Providence Fund စတင်သည့်နေ့မှစ၍ ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းလစာမှ ရာခိုင်နှုန်း တစ်ခုဖြတ်တောက်၍ ထည့်ဝင်ရမည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ပင်စင်စားများအတွက် လစာတိုးမြှင့်မှုအဖြစ် ၂၀၁၈ ဧပြီတွင် တိုးမြှင့်ထားသည့် လစာနှုန်းအတိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စ၍ တိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ တိုးမြှင့်သတ်မှတ်ခြင်း နှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် အစည်းအဝေးအမှတ်စဉ် (၂၂/ ၂၀၁၈) မှ အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာမှုရှိစေရန်အတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

တိုးမြှင့်ပင်စင်လစာကို ပင်စင်စား၏ အငြိမ်းစားယူခဲ့သည့် နောက်ဆုံး ရာထူးချိန်နှုန်းလစာနှင့် ကိုက်ညီသည့် ၂၀၁၈ ခုနှစ် ဧပြီ ၂၉ ရက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၁၈) အရ သတ်မှတ်ထားသည့် လစာနှုန်းထားများအပေါ် အခြေပြုပြီး ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်သတ်မှတ်ပေးကာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အထိ စာရင်းများ အရ မြန်မာနိုင်ငံတွင် ပင်စင်စား အရေအတွက် ၇၄၄၂၀၃ ဦး ရှိနေကြောင်းသိရသည်။ 

Eleven Media Group


0 comments:

Post a Comment