Thursday, April 25, 2019

"အပြန်အလှန် ယုံကြည်နားလည်မှု မရှိပါက ပူးပေါင်းဆောင်ရွက်မှုများ ထိရောက်မည်မဟုတ်" ဟု ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်တွင် ပြော


မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပေကျင်းမြို့တွင် ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။ 
"အပြန်အလှန်ယုံကြည်နားလည်မှုအပေါ် အခြေခံထားသည့် ချစ်ကြည်ရင်းနှီးမှု သည် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးပါကြောင်း၊ အပြန်အလှန် ယုံကြည်နား လည်မှုမရှိပါက မိမိတို့ ပူးပေါင်းဆောင်ရွက်မှုများသည် ထိရောက်မှုရှိမည်မဟုတ် ကြောင်း၊ နိုင်ငံတကာဖိုရမ်များနှင့်ညီလာခံများသည် ကမ္ဘာကြီးအားပိုမိုကောင်း မွန်သည့် နေရာအဖြစ်ဖန်တီးရာတွင် ဘုံရပ်တည်ချက်များရရှိရေးအတွက် အခွင့်အလမ်းများ ဖြစ်ပါကြောင်း၊ ပြဿနာများကို ချဉ်းကပ်ရာတွင် နည်းလမ်းများစွာရှိပြီး ချစ်ကြည်ရင်းနှီး မှုဖြင့် ပြဿနာများကို အပြုသဘောဆောင်စွာ ဖြေရှင်းနိုင်ကြောင်း၊ လူသားများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကို ဆောင်ကြဉ်းပေးသည့် အဓိကစံနှုန်းများကို မဆုံး ရှုံးစေဘဲ မိမိတို့တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိပါကြောင်း" ဟု ဒေါ်အောင်ဆန်းစုကြည် က တရုတ်အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် People to People Connectivity Thematic Forum ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် ကူညီပေးကြသည့်၊ ရပ်တည်ခဲ့ကြသည့် မိတ်ဆွေများကို အခွင့်အခါသင့်ခိုက် ကျေးဇူးတင်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။ 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်း နှင့်တွေ့ဆုံ ဆွေးနွေးသည်။ 
နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအား နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအတွက် အရှိန်မြှင့်တင်ဆောင်ရွက်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၀၀၀၀ အား တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ခွဲတမ်းအား ဆက်လက်ပေးအပ်ရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များအနာဂတ်တွင် ပိုမိုဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေး ချမ်းမှုရရှိရေး၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဒေသများ တွင် တရားမ၀င်ကုန်သွယ်မှုများ ပပျောက်ရေး၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အတွက် နှစ်ဖက်တာဝန်ရှိသူများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 



Credit : MSCO
The Fifth Wave News 

0 comments:

Post a Comment