Thursday, April 25, 2019

နွေရာသီ သောက်သုံးရေရှားပါး ပြတ်လပ်မှုဖြစ်ပေါ်သည့် မည်သည့်ကျေးရွာမဆို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ထုတ်ပြန်


နွေရာသီ သောက်သုံးရေရှားပါး ပြတ်လပ်မှုဖြစ်ပေါ်သည့် မည်သည့်ကျေးရွာမဆို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နှစ်စဉ်ကျေးရွာများတွင် နွေရာသီ သောက်သုံးရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ရေပြတ်လပ်မှု ဖြစ်နိုင်ခြေစာရင်းကောက်ယူခြင်း၊ သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်းပေးမည့် အစီအစဉ်ရေးဆွဲခြင်းများ ကြိုတင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ 

ယင်းကဲ့သို့ စာရင်းကောက်ယူချက်များ အရ ၂၀၁၉ ခုနှစ် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခု ရှိ မြို့နယ် ၉၃ မြို့နယ်၊ ကျေးရွာပေါင်း ၂၀၈ ရွာတွင် ရေရှားပါးပြတ်လပ်နိုင်ခြေရှိကြောင်း ခန့်မှန်းသိရှိခဲ့ပြီး ရေရှားပါးပြတ်လပ်သော ကျေးရွာများသို့ ရေသန့်စင်ကားများ၊ ရေသယ်ယာဉ်များ အသုံးပြု၍လည်းကောင်း၊ ရေဖြန့်ဝေရေး ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ စက်သုံးဆီ ကူညီပံ့ပိုးပေးခြင်းဖြင့်လည်းကောင်း၊ သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိရာ ဧပြီ ၂၃ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုရှိ မြို့နယ်ပေါင်း ၃၀ ၊ ကျေးရွာပေါင်း ၇၅ ရွာသို့ ရေဂါလန် ၂၉၅၂၂၀ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။ 

ကျေးလက်ရေရရှိရေးလုပ်ငန်းများ အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ကျေးရွာ ၂၁၇၇ ရွာ၌ ရေပေးရေးလုပ်ငန်းပေါင်း ၂၂၂၁ ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သို့ဖြစ်ရာ မည်သည့်ကျေးရွာများမဆို ရေရှားပါးပြတ်လပ်မှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) အပါအဝင် သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဖုန်းဆက်သွယ်မှုအပြင် အခြားဆက်သွယ် ရေးနည်းလမ်းမျိုးစုံဖြင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နွေရာသီတွင် ရေရှားပါးမှုဖြစ်ပေါ်သည့် ကျေးရွာများသို့ သောက်သုံးရေပေးဝေရေး လုပ်ငန်းများ နှစ်စဉ်ဆောင်ရွက်သကဲ့သို့ ယခုနှစ်တွင် အယ်လ်နီညိုဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များ၏ ခန့်မှန်းထုတ်ပြန်မှုများအရ သောက်သုံးရေ ဖြန့်ဝေမှုလုပ်ငန်းများကို လတ်တလော အစီအမံနှင့် ရေရှည်အစီအ စဉ်များဖြင့် ကြိုတင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ 

နွေရာသီတွင် ရေရှားပါးမှုပြဿနာများကို မြန်မာနိုင်ငံဒေသအများစုတွင် ခံစားရပြီး အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင် သောက်သုံးရေပြတ်လပ်မှုများ ကြုံတွေ့ ခံစားရကြောင်း သိရသည်။ 

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာအချို့တွင် သောက်သုံးရေကန်များ ခန်းခြောက်သွားသည့်အတွက် ဒေသခံအများစု ရေရှားပါးမှုကြုံတွေ့ခဲ့ရပြီး ရေအလှူကားများ၏ ကူညီမှုဖြင့် ဖြေရှင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment