Thursday, April 25, 2019

သီရိလင်္ကာတွင် တိုက်ခိုက်မှုများက ထောက်လှမ်းရေးဟာကွက်များကြောင့်ဟု အစိုးရဝန်ခံ


သီရိလင်္ကာနိုင်ငံတွင် လူပေါင်း ၃၅၉ ဦး သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သော အီစတာဆန်းဒေး ဗုံးခွဲတိုက်ခိုက်မှုများမတိုင်မီ အဓိက ထောက်လှမ်းရေး ဟာကွက်များရှိခဲ့သည်ဟု အစိုးရက ဝန်ခံလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ 
အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ လဆန်းကတည်းက အိန္ဒိယထောက်လှမ်းရေးက ကြိုတင်သတိပေးခဲ့သော်လည်း အာဏာပိုင်များက ထိရောက်စွာ ဖြန့်ဝေခြင်းမပြုခဲ့ကြောင်း လွှတ်တော်က စစ်ဆေးကြားနာခဲ့သည်။ 

သမ္မတဆီရီဆန်နာက ကာကွယ်ရေးဌာန အတွင်းဝန်နှင့် ရဲချုပ်တို့ကို ထုတ်ပယ်ခဲ့သည်။ 

တိုက်ခိုက်သူကိုးဦးအနက် ရှစ်ဦးမှာ သီရိလင်္ကာနိုင်ငံသားများဖြစ်သည်ဟု စိစစ်တွေ့ရှိထားသည်။ ဘုရားရှိခိုးကျောင်းများနှင့် ဇိမ်ခံဟိုတယ်များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများတွင် IS အဖွဲ့ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိသည်။ 

တိုက်ခိုက်သူများထဲမှတစ်ဦးသည် သီရိလင်္ကာသို့ ပြန်မလာမီ ယူကေနှင့် ဩစတြေးလျတွင် ပညာသင်ယူခဲ့သည်ဟု သိရှိရသည်။ 

လွှတ်တော်ဥက္ကဋ္ဌ ကီရီရယ်လာက ထောက်လှမ်းရေးဌာန ထိပ်ပိုင်းအရာရှိများသည် တိုက်ခိုက်မည့်သတင်းကို ထိမ်ချန်ထားခဲ့ကြပြီး သင့်တော်သော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ခြင်းမရှိဟု ပြောကြားသည်။ 

အိန္ဒိယသတင်းပေးမှုကို ဧပြီ ၄ ရက်ကတည်းက ရရှိခဲ့သော်လည်း သမ္မတနှင့်ဝန်ကြီးချုပ် နှစ်ဦးစလုံး ထိုသတင်းပေးမှုကို မရရှိခဲ့ကြဟု ကီရီရယ်လာက ပြောကြားသည်။ 

ဗုံးခွဲသူများ အဖွဲ့ခေါင်းဆောင်ဟု ယူဆရသော အစ္စလာမ်တရားဟောဆရာ ဇာရမ်ဟာရှင် မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိရသေးပေ။ ၎င်း၏ညီမ မဒါနီယာကဟာရှင်၏လုပ်ရပ်ကို မီဒီယာများမှတစ်ဆင့် သိရှိရကြောင်းနှင့် ထိုသို့လုပ်မည်ဟု မထင်ကြောင်း မှတ်ချက်ပေးသည်။ 

တိုက်ခိုက်သူအများစုသည် ကောင်းစွာ ပညာသင်ယူထားသူများဖြစ်ပြီး လူလတ်တန်းစားနှင့် အထက်လွှာမှ ဖြစ်ကြသည်ဟု သိရှိရသည်။ 

သီရိလင်္ကာနိုင်ငံတွင် နောက်ထပ်တိုက်ခိုက်မှုများကို တားဆီးရန် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး သံသယရှိသူ ၆၀ ခန့်ကို ရဲက ဖမ်းဆီးထားသည်။ 

တိုက်ခိုက်သူများက ကိုလမ်ဘိုရှိ ဘုရားရှိခိုးကျောင်း သုံးကျောင်းနှင့် ဟိုတယ်သုံးခုကို တနင်္ဂနွေနေ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စတုတ္ထမြောက် ဟိုတယ်ကို တိုက်ခိုက်မှုမှာမူ ပျက်ပြားသွားခဲ့သည်။ 

နောက်ထပ် စစ်သွေးကြွများနှင့် ဖောက်ခွဲရေးပစ္စည်းများ ကျန်နေနိုင်သေးသည်ဟု အာဏာပိုင်များက သတိပေးထားသည်။ 

သေဆုံးသူများမှာ သီရိလင်္ကာနိုင်ငံသားအများစုဖြစ်ကြပြီး နိုင်ငံခြားသား ၃၈ ဦး ပါဝင်သည်။ 

The Voice

0 comments:

Post a Comment