Thursday, April 25, 2019

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို ပြည်သူ့ကိုယ်စားလှယ်ကောင်းဆု ချီးမြှင့်


ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း ဦးအောင်သန်းကို မြို့ခံအရပ်ဖက်အဖွဲ့အစည်းတွေက ပြည်သူ့ ကိုယ်စားလှယ်ကောင်းဆု ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ 
ရာထူးကနေ နှုတ်ထွက်ခဲ့ရတဲ့ မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကို ဧပြီ ၂၄ ရက်က မင်းတပ် မြို့မ ဈေးခန်းမမှာ မြို့ခံ အရပ်ဖက်အဖွဲ့အစည်းတွေဦးဆောင်ပြီး ဆုပေးအပ်ခဲ့တာပါ။ 

ဒီလို ဂုဏ်ပြုချီးမြှင့်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး ချင်းလူမျိုးတွေရဲ့ အမြတ်တနိုး တန်ဖိုးထားတဲ့ နွားနောက်ချိုကို ဂုဏ်ပြုဆုအဖြစ်ပေးအပ်ခဲ့ပါတယ်။ 

ဆုပေးအပ်တဲ့ အရပ်ဖက်အဖွဲ့မှာ ပါဝင်သူ ဆလိုင်းမာန်အောင်က “သူ့ရဲ့ ရပ်တည်ချက်က လူထုအတွက် ရပ်တည်ပေးတယ်။ ကျနော်တို့မင်းတပ်မြို့နယ်အတွက် ရပ်တည်ပေးတာ ဟုတ်သလို ချင်းပြည်နယ် တောင်ပိုင်း မြောက်ပိုင်းဆိုတဲ့ မလိုလားအပ်တာတွေမဖြစ်လာဖို့ သူက ရှေ့ကနေတာပေါ့။ အဓိက ပြည်သူ့ဘဏ္ဍာခွဲဝေမှု မညီမျှတာဖြစ်နေတယ်။ တောင်ပိုင်းမြောက်ပိုင်းပြောမလား။ ၄မြို့နယ်နဲ့ ၅ မြို့နယ်ပြောမလား အဲဒီကြားမှာ ဘတ်ဂျက် ခွဲဝေမှုက အရမ်းကွာဟနေတယ်။ ဒါကို ဦးအောင်သန်းက အမုန်းခံပြီး လွှတ်တော်ထဲမှာ ပြောတယ်။ တချို့စကားလုံးတွေက နည်းနည်းကြမ်းတမ်းတာတွေရှိမှာပေါ့။ သူမှားရင်တော့ ထောက်မှာပဲ။ သူမှန်နေသရွေ့၊ ပြည်သူကို မျက်နှာမူနေသရွေ့ သူနဲ့အတူ ရပ်တည်မှာပေါ့။”လို့ ပြောပါတယ်။ 

မင်းတပ်မြို့တွင်းလမ်းဖောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ -၂ ဒေါက်တာ ဇော်မြင့်မောင် လက်မှတ်နဲ့ ရာထူးက နှုတ်ထွက်ပေးဖို့ ထုတ်ပြန်ခဲ့တာပါ။ 

ဒါကြောင့် မတ်လ ၂၅ ရက် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဦးအောင်သန်းက လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက်စာ တင်ခဲ့တာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးအောင်သန်းက “မင်းတပ်မြို့တွင်းလမ်းချဲ့တဲ့ကိစ္စ ပြဿနာ အမျိုးမျိုးတက်မယ်ဆိုတာလည်း သိပါတယ်။ သိပေမယ့် ကိုယ့်မြို့ကောင်းစားရေးအတွက် လုပ်သင့်တာ လုပ်တာပါ။ တိုင်တဲ့နေရာမှာ မင်းတပ်က မြို့သူမြို့သားတချို့ ကျနော်တို့ ပါတီကလည်း ပါနိုင်ပါတယ်။ ကမကထလုပ် တိုင်တယ်လို့တော့ မဆိုလိုပါဘူး။ နောက်ကနေ တွန်းအားတချို့ မရှိဘူးလို့လည်း မပြောပါဘူး။ လမ်း ပေ ၅၀ ချဲ့တာကို အဲဒီတုန်းက တွေ့ဆုံပွဲမှာ လူတယောက်က ကျနော်တို့ သဘောမတူဘဲ ဘာလို့ချဲ့တာလဲမေးတယ်။ ဒီမိုကရေဆီဆိုတာက လူများစုဆန္ဒနဲ့ လုပ်ဆောင်တာဆိုတဲ့အကြောင်းကိုလည်း ရှင်းပြခဲ့ပြီးပြီ။ သဘောတူပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ရှိတယ်။ အဲဒီဆုံးဖြတ်ချက်အရ ဆောင်ရွက်တာပါ။ ဒါကို ဦးအောင်သန်းက သူ့သဘောဆန္ဒနဲ့သူ လုပ်တယ်ဆိုပြီးတိုင်လို့ ပြောရခြင်းဖြစ်ပါတယ်။”လို့ပြောပါတယ်။ 

ဦးအောင်သန်းကို ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးက ဖယ်ရှားတာနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် မဲဆန္ဒရှင်တွေက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပါတီဒုဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်တို့ဆီကို ပွင့်လင်းမြင်သာဖို့နဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ပေးဖို့ စတဲ့ အချက် ၄ချက်ပါ စာတင်ပြခဲ့ပေမယ့် ဒီနေ့အချိန်ထိ အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။ 

ဦးအောင်သန်းက လွှတ်တော် ဒုဥက္က၏ ရာထူးက ဖယ်ရှားခံရပေမယ့် မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်တော့ ရှိနေဦးမှာဖြစ်ပါတယ်။ 

ဦးအောင်သန်းအပြင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကလည်း ရာထူးက နုတ်ထွက်ခဲ့ဖူးပါတယ်။

DVB

0 comments:

Post a Comment