Thursday, April 25, 2019

ကောလင်းမြို့နယ် ကညွှတ်အင်းကျေးရွာအနီး မော်ကွန်းတောင်တွင် ဒေသခံများရွှေတူးဖော်မှုနှင့် ပတ်သက်၍ လိုအပ်ပါက ရှင်းလင်းရေးများလုပ်ဆောင်မည်ဟုဆို


စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့နယ် ကညွှတ်အင်းကျေးရွာအနီး မော်ကွန်းတောင်တွင် ဒေသခံများ ရွှေတူးဖော်မှုနှင့်ပတ်သက်၍ လိုအပ်ပါက ရှင်းလင်းရေးများ လုပ်ဆောင်မည်ဖြစ်ကြောင်း ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၏ ပြောကြားချက်အရ သိရသည်။ 
လက်ရှိရွှေတူးဖော်နေကြသည့်လူများသည် တဖြည်းဖြည်းချင်း လျော့နည်းသွားကြောင်း၊ အဆိုပါရွှေတူးဖော်နေသည့်နေရာသည် ရွှေပါဝင်မှုနှုန်း တိတိကျကျမသိရှိကြဘဲ ဒေသခံများက ရွှေတူးဖော်နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“လူက သိပ်မရှိတော့ပါဘူး။ ရွှေက သိပ်မထွက်တော့ဘူးလို့ ပြောတယ်လေ။ ရွှေကတော့ ကျောက်ပွလားတော့ မသိဘူး။ အဲဒီထဲကနေမှ ထွက်တာပေါ့။ မြေတော့မြေပေါ့။ ဒါပေမဲ့ သက်နုကျောက်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ရွှေပါဝင်မှုနှုန်းက ဘာမှသေ သေချာချာ မသိဘူး။ ရွှေပါတယ်ဆိုပြီးတော့ ဒေသခံတွေက တူးကြတာပေါ့။ ပထမဦးဆုံးတွေ့တဲ့သူကတော့ရတယ်နဲ့ သဘောရှိပါတယ်။ အန္တရာယ်များလာရင် ကျွန်တော်တို့က လိုအပ်ရင်တော့ ရှင်းလင်းတာတွေ လုပ်ရမှာပေါ့ဗျာ”ဟု ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ပြောကြားသည်။ 

ကောလင်းမြို့နယ် ကညွှတ်အင်းကျေး ရွာအနီး မော်ကွန်းတောင်တွင် ရွှေထွက်သည်ဟုဆိုသောကြောင့် ဧပြီ ၂၂ နှင့် ဧပြီ ၂၃ ရက်တွင် လာရောက်ရွှေတူးဖော်သူများ ပြားလာကြောင်း အဆိုပါနေရာတွင် လာရောက်ရွှေတူးဖော်သူများက လိုင်ကျင်းများ ပြုလုပ်ကာ ရွှေတူးဖော်ခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ကောလင်းမြို့နယ်တွင် သစ်စေးတောင်၊ ကျွဲကြိုးတောင်နှင့် လာကာကြိုးဝိုင်းတို့တွင် ကျောက်ရွှေများထွက်ရှိသည့်အတွက် ဒေသခံအာဏာပိုင်များက လုံခြုံရေးအရ ရွှေတူးဖော်မှုကိုပိတ်ထားကြောင်း၊ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment