Friday, April 26, 2019

မြစ်ဆုံကိစ္စ ဖြေရှင်းမည့်နည်းလမ်း ပြည်သူထံချပြမည်ဟု သမ္မတရုံး ပြောကြား

မြစ်ဆုံကိစ္စကို ဖြေရှင်းမည့်နည်းလမ်းကို ပြည်သူသိရန် ချပြမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။ 


"ပြည်သူကို အသိမပေးဘဲနဲ့ အစိုးရအချင်းချင်း တိတ်တိတ်လေးလက်မှတ်ထိုးတာမျိုး မလုပ်ပါဘူး။ လုပ်မယ်ဆိုရင်လည်း ပွင့်လင်းမြင်သာမှုရှိရှိ ဘယ်လို ဘယ်လို လုပ်မယ်၊ ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ချပြဖို့ရှိပါတယ်"ဟု ၄င်းက ဆိုသည်။ 



ဧပြီ ၂၆ ရက်နေ့က နေပြည်တော်ရှိ NRPC ရုံးတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 



ပထမအနေနှင့် မြစ်ဆုံရေကာတာကိစ္စသည် ပြည်သူလူထု၏သဘောထားကို အခြေခံမည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် နိုင်ငံ၏အကျိုးစီးပွားကို ရှေးရှုရမည်ဖြစ်ကြောင်း၊ နောက်ဆုံးတချက်အနေဖြင့် မြန်မာ-တရုတ် ချုပ်ဆိုထားသည့် သဘောတူစာချုပ်၊ကတိကဝတ်တို့အပေါ်အခြေခံ၍ ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်သူလူထုထံချပြရမည့် အချိန်နှင့် အချက်အလက်ကို အသေးစိတ်မသိရသေးကြောင်း ဦးဇော်ဌေးက ဆိုသည်။ 



လတ်တလောတွင် တရုတ်မြန်မာ စီးပွားရေးစင်္ကြံလမ်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး (ငြိမ်းချမ်းရေး)၊ ဆန်တင်ပို့မှု၊ တရုတ်မြန်မာ သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေးကိုသာ တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ 



ယင်းကိစ္စကို ပြည်သူ့ထံမချပြဘဲ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရကြား တိုးတိတ်စွာလက်မှတ်ရေးထိုးခြင်း၊ သဘောတူညီချက်ရယူခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ပြည်သူတင်မြှောက်ထားသည့် အစိုးရဖြစ်သောကြောင့် ပြည်သူ့ထံ ဦးစွာချပြမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ထပ်လောင်းပြောကြားခဲ့သည်။

The Voice

0 comments:

Post a Comment