Friday, April 26, 2019

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး KIA နှင့်ညှိရန် KHCC တာဝန်ယူမည်


ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ပိုင်းမှ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် KIA လက်နက်ကိုင်နှင့် ညှိနှိုင်းရန် ကချင်စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) ဥက္ကဌ၊ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောကြားသည်။ 
နေပြည်တော်ရှိ NRPC ရုံးတွင် NRPC အဖွဲ့ဝင်များနှင့် KHCC တို့တွေ့ဆုံရာတွင် သဘောတူညီချက် ၅ ချက် ရရှိခဲ့ခြင်းဖြစ်ပြီး အထက်ပါအချက်ကို ထည့်သွင်းထားခြင်းဖြစ်သည်။ 

ကချင်စစ်ဘေးရှောင် တစ်သိန်းကျော်ဦးရေတွင် ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင် ဦးရေ ၆ သောင်းကျော်ရှိနေပြီး အားလုံးကို နေရပ်ပြန်နေနိုင်ရန်အတွက် တပ်မတော်အပါအဝင် KIA တို့နှင့် ညှိနှိုင်းမှသာ တိုက်ပွဲများ ရပ်တန့်ရေး၊ဗုံးရှင်းလင်းရေးကိစ္စများ ဖြေရှင်းနိုင်မည်ဖြစ်သောကြောင့် အားလုံးဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို ယခုလ ၃၀ ရက်နေ့တွင် အစည်းဝေးတစ်ခုလုပ်ပြီးနောက် မေလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။ 

အဆိုပါကိစ္စကို အကောင်အထည်ဖော်ရန် တိုက်ပွဲများမရှိရေး နှစ်ဖက်ညှိနှိုင်းရမည်ဖြစ်ပြီး သဘောတူညီချက်ရရန် တပ်မတော်နှင့်လည်း ညှိရမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ 

ဒုက္ခသည်များနေရပ်ပြန်ရေးတွင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု မူဝါဒ၊ စံချိန်ညွန်းများကို NRPC က ချမှတ်သည့်မူနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့ရန်နှင့် စားဝတ်နေရေးအပါအဝင် ပြန်လည်နေရာချထားရေးနှင့် မူလအသက်မွေးဝမ်းကျောင်း ပြန်လည်လုပ်ကိုင်နိုင်ရန်၊ IDP Camp များရွေးချယ်ရေး၊ရှေ့ပြေးအစီစဉ်များရွေးချယ်ရေးအတွက် ညှိနှိုင်းရန် စသည့်အချက်တို့ကို NRPC နှင့် KHCC တို့ သဘောတူညီခဲ့သည်ကို တွေ့ရသည်။ 

စစ်ဘေးရှောင်ဒုက္ခသည်များသည် ၈ နှစ်တာကာလအထိ ကြာမြင့်နေပြီဖြစ်ပြီး ယင်းအခြေအနေကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကေအိုင်အေအနေဖြင့် နိုင်ငံရေးအရ လက်နက်ကိုင်ထားသည့် အခြေအနေဖြစ်သောကြောင့် နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် အောင်မြင်မည်ဟုယုံကြည်ကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောကြားခဲ့သည်။ 

ဓာတ်ပုံ-အောင်ထက်
The Voice

0 comments:

Post a Comment