Friday, April 26, 2019

လက္ကာရွာမှ ဖမ်းဆီးခံထားရသူများ၏ မိသားစုနှင့် ပြည်နယ်အစိုးရတို့ တွေ့ဆုံ


မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ယနေ့ နံနက် ၈ နာရီကျော်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့ကြသည်။ 
ယင်းတွေ့ဆုံမှုတွင် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များဘက်မှ ဖမ်းဆီးခံထားရသူများကို တွေ့ဆုံလိုကြောင်းနှင့် စစ်ဆေးနေသည့်နေရာကို သိရှိလိုကြောင်း တောင်းဆိုခဲ့သည်ဟု ဖမ်းဆီးစစ်ဆေးခံနေရသည့် မောင်ရှီကန်ကျေးရွာမှ နိုင်ဝင်း (အသက် ၂၂ နှစ်) ၏ ဖခင် ဦးကျန်မောင်က မီဒီယာများကိုပြောသည်။ 
“ သားကိုတွေ့ချင်လို့ ဒီကိုလာဖြစ်တာပါ။ ကျွန်တော့်သားကို တွေ့ခွင့်ပေးပါလို့ တောင်းဆိုခဲ့တယ်၊ တွေ့ခွင့်မရပါဘူး။ အစိုးရဘက်က သူတို့ကို စစ်ဆေးလို့ပြီးမှ တွေ့ခွင့်ပေးမယ်လို့ပြောတယ်။ ဘယ်နေရာမှာထားသလဲ။ ဘယ်ကိုရောက်နေလဲ ဆိုတာကိုလည်း မသိရပါဘူး။ ဘယ်နေ့တွေ့ခွင့်ရမယ် ဆိုတာကိုလည်း မသိပါဘူး ” ဟု ဦးကျန်မောင်က ပြောသည်။ 
ယင်းအပြင် အခင်းဖြစ်စဉ်နေ့တွင် လက္ကာရွာတွင် လက်သမားလုပ်ရန်ရောက်ရှိနေသော ပီပင်ရင်းကျေးရွာသား (အသက် ၁၄ နှစ်အရွယ်) မောင်စိုးမင်းဦး ဖခင် ဦးဦးလှဖြူသာက “ ကျွန်တော့်သားဟာ အရွယ်မရောက်သေးတဲ့ ကလေးဖြစ်တယ်။ အေအေနဲ့လည်း ဆက်စပ်မှုမရှိ၊ အေအေလည်းမဟုတ်ဘူး။ ဒါကြောင့် အသက်မပြည့်သေးတဲ့ ကျွန်တော့်သားလေးကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။ 
တွေ့ဆုံမှုတွင် ဖမ်းဆီးခံထားရသူများကို ယခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးပြီးမှသာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိမည်ဖြစ်သည်ဟု ပြည်နယ်ရဲမှူးကြီးက ပြောဆိုခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောဆိုသည်။ 
ယခုတွေ့ဆုံမှုတွင် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ရဲမှူးကြီးတို့ ပါဝင်ခဲ့သည်။ 

ခိုင်ရိုးလ/DMG 
Development Media Group 

0 comments:

Post a Comment