၂၀၃၀ ပြည့်နှစ်တွင် ကီလိုမီတာ ၄၂၀၀၀ ကျော်ရှိလမ်းများကို ASEAN Class III ၁၈ ပေအကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်း အဆင့်အနည်းဆုံး ရောက်ရှိရန်၊ တံတားအားလုံး ၂၄ ပေ အကျယ် နှစ်လမ်းသွား RC သံကူကွန်ကရစ် တံတား/PC ကြိုတင်အားဖြည့်ကွန်ကရစ်တံတား/သံပေါင် တံတားအဆင့် အနည်းဆုံး ရောက်ရှိရန် ရည်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းပြီး ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ထို့ပြင်၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသည့် မြို့ပြ Urban Planning အဖြစ် အကွက်ချ တည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ကျေးရွာများ အားလုံး၏ ရာခိုင်နှုန်း ၈၀ နှင့် နိုင်ငံတွင်း ကျေးလက်လူဦးရေ၏ ရာခိုင်နှုန်း ၉၀ အတွက် ရာသီမရွေး သွားလာနိုင်သည့် ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“၂၀၃၀ ပြည်နှစ်မှာ မြန်မာနိုင်ငံအတွင်းက ကျေးလက်လမ်း စုစုပေါင်း မိုင် ၅၅၅၀၀ အနက် Class A အဆင့်ရှိ လမ်းမိုင် ၂၅၆၀၀ ကျော်ကို ၁၂ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Class B အဆင့်ရှိ လမ်းမိုင် ၁၇၃၀၀ ကျော်ကို ၁၂ ပေ အကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်း၊ ကျောက်လမ်းတွေအဖြစ် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
အလားတူ Class C အဆင့်ရှိ လမ်းမိုင် ၁၂၅၀၀ ကျော်ကို ၁၂ ပေအကျယ် ကျောက်လမ်း သို့မဟုတ် အမာခံလမ်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ မဟာဗျူဟာ/နည်းဗျူဟာ အနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းများအနက် ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းအချို့ကို Public Private Partnership (PPP) စနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ အကူအညီ Development Partner များဖြစ်သည့် JICA, ADB, World Bank, KOICA နှင့် TICA စသည့်အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ကူညီထောက်ပံ့ငွေ (Grant)၊ ချေးငွေ (Loan) များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများကို ဝန်ကြီးဌာနက မဆောင်ရွက်တော့ဘဲ (Regulatory Body) ထိန်းသိမ်း ကွပ်ကဲသည့်အဖွဲ့ ဖွဲ့စည်းပြီး လိုအပ်သည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ နည်းပညာပိုင်းနှင့် အရည်အသွေးပိုင်း မှန်ကန်ပြည့်မီစေရန် ကြပ်မတ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး အဂတိ ကင်းရှင်းစွာဖြင့် လုပ်ငန်းတွေကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment