Wednesday, April 3, 2019

ပြည်သူများ နေစရာမရှိ၍ ကျူးကျော်သည် ဆိုပါက နေစရာပေးရေးအတွက် စီမံပေးရန် အစိုးရတွင် တာဝန်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်သူများအနေဖြင့် ကျူးကျော်နေထိုင်ခြင်းမှာ ဥပဒေနှင့် မကိုက်ညီကြောင်းနှင့် ပြည်သူများ နေစရာနေရာ မရှိ၍ ကျူးကျော်သည် ဆိုပါက နေစရာနေရာ ပေးရန်အတွက် စီမံပေးရန် အစိုးရတွင် တာဝန်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
ဧပြီ ၂ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းဒေသကြီး ဒုတိယနေ့ ခရီးစဉ်အတွင်း အိမ်မဲမြို့နယ်ရှိ ပြည်သူများနှင့် တွေ့ဆုံစဉ် အင်းမတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ ခြံဝင်းအား ပြည်သူအချို့က ကျူးကျော်နေထိုင်နေမှုကို အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်သူတစ်ဦးက တင်ပြမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ကျူးကျော်တယ်ဆိုတဲ့ ပြည်သူတွေကို ပြောချင်တာက ကျူးကျော်တာက ဥပဒေနဲ့ မကိုက်ညီဘူးဆိုတာ ပြောချင်တယ်။ ကျွန်မ မနေ့ကလည်း ဒါကိုရှင်းပြခဲ့ပြီးပါပြီ။ ကျွန်မတို့ ပြည်သူတွေမှာ နေစရာမရှိလို့ ကျူးကျော်တယ် ဆိုလို့ရှိရင် အစိုးရက နေစရာအတွက် စီစဉ်ပေးဖို့က တာဝန်ရှိပါတယ်။ သို့သော်ငြားလည်း ကိုယ်နေချင်တဲ့ နေရာမှာ သွားနေလို့ မရပါဘူး။ ကိုယ့်မှာ နေစရာနေရာ မရှိဘူး ဆိုပြီးတော့ ဥပဒေအရ နေထိုင်ခွင့် မရှိတဲ့ နေရာမှာ သွားပြီးတော့ နေတယ်ဆိုတာ တရားဥပဒေကို ချိုးဖောက်ရုံတင် မကဘူး။ ကျွန်မတို့ ရပ်ရွာရဲ့ တည်ငြိမ်မှုကိုလည်း ထိခိုက်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 


နိုင်ငံတော်အတိုင်ပင်ခံ၏ ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ် ဒုတိယနေ့တွင် အိမ်မဲမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် မအူပင်မြို့နယ်များကို သွားရောက်ခဲ့ပြီး မြို့နယ်အသီးသီးတွင် တင်ပြတိုင်ကြားမှုများမှာ လယ်ယာမြေ ပြဿနာများသာ အဓိကဖြစ်ကြောင်း သိရသည်။           

Eleven Media Group 

0 comments:

Post a Comment