Thursday, August 29, 2013

ပညာဒါနအထက်တန်းကျောင်းသားများ စာမေးပွဲဖြေဆိုခွင့်ရရန် မျှော်လင့်

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၊ ငွေစင်ရော်စံပြ ကျေးရွာရှိ ဝိဇယသိင်္ဂီ ဘုန်းတော် ကြီးကျောင်းတွင် မကြာသေးမီက ဖွင့်လှစ်ထားသော ပညာဒါနကျောင်း၌ ပညာသင်ကြားလျက်ရှိသော ငွေကြေးချို့တဲ့သည့် ကျောင်းသူ၊ ကျောင်းသားများ ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့် ဝင်ရောက်ဖြေဆိုခွင့်ရရန် မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။

“ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတာအခမဲ့ ပညာဒါနကျောင်းဖြစ်တယ်” ငွေကြေးမတတ်နိုင်တဲ့ ၉ တန်း ၁၀ တန်း ကျောင်းသားတွေပြီးတော့ နှစ်တက် နှစ်ကျသမားတွေလည်းပါတယ်။ တချို့ဆိုရင် ၈ တန်းအောင်ပြီး ကျောင်းဆက်မတတ်နိုင်လို့ ကျောင်းနားခဲ့ရတဲ့သူတွေလည်း ပါတယ်။ ဒီနှစ် စာမေးပွဲ ဖြေဆိုခွင့်ရဖို့ အဆင့်ဆင့် အကူအညီတောင်းတယ်။ ခရိုင်ပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ တော့လာကြည့်တယ်။ ဒါပေမယ့်တွဲဖက်လယ်တန်း ကျောင်းကိုပဲသွားတယ်။ ဦးတို့ကျောင်းလေးကို မလာဘူး။ သွားရောက် စစ်ဆေးစရာမလိုဘူးပြောပြီး ပြန်သွားတယ်” ဟု ကျောင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးဇေလတ်ကပြောသည်။

ငွေစင်ရော် စံပြကျေးရွာရှိ ကျောင်းသူ၊ ကျောင်းသားအချို့မှာ ငွေကြေးချို့တဲ့သဖြင့် မြို့ပေါ်ရှိကျောင်း များသို့ သွားရောက်ရန် အထက်အခဲများရှိသည့်အပြင် ကျောင်းဝင်ကြေးများ၊ လစဉ်ကြေးများ စသဖြင့် ကုန်ကျစရိတ်များမှာ တစ်နှစ်လျှင် ၈ သိန်းခန့်ကုန်ကျသဖြင့် အခမဲ့ပညာဒါနကျောင်းတွင် လာရောက် သင်ကြားနေခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၀၆ ခုနှစ်က ၈ တန်းအောင်တယ်၊ ၉ တန်းကိုဆက်မတက်နိုင်ခဲ့ဘူး” ငွေကြေး မတက်နိုင်လို့ အခု ပညာဒါနကျောင်းဖွင့်တောါ ၉ တန်းပြန်လာတက်တာ။ ဒါပေမယ့် စာမေးပွဲဖြေဆိုခွင့်မရဘူး ဖြစ်နေ တယ်။ ငွေကြေးမတတ်နိုင်လို့ ပညာဒါနကျောင်းမှာတက်နေရတဲ့ ကျွန်တော်တို့လိုမရှိဆင်းရဲသား ကျောင်းသားလေးတွေအတွက် စာမေးပွဲမဖြေရဘူးဆိုတော့ ရည်မှန်းချက် ရည်ရွယ်ချက်တွေ ပျောက် ကုန်ပြီပေါ့” ဟု ငွေစင်ရော်စံပြ ကျေးရွာမှ နဝမတန်းကျောင်းသား မောင်ရွှေပိုက်က လူထုပုံရိပ်သို့ ပြောသည်။

ယင်းပညာဒါနအခမဲ့ကျောင်းမှာ ယခုနှစ်ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လတ်တလောတွင် ကျောင်း သားဦးရေ ၁၀၀ ကျော် သင်ကြားလျက်ရှိကြောင်း ကျေးရွာတွင်တွဲဖက် အလယ်တန်းကျောင်းရှိ၍ အထက်တန်း ကျောင်းသားများအတွက်သာ သီးခြားဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း လတ်တလောတွင် စာမေးပွဲဖြေဆိုခွင့်ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ “ဆရာမကြီးတို့က ကွင်းဆင်းပြီး ကျောင်းကိုသွားတယ်။ ဌာနက သတ်မှတ် ထားတဲ့ ဥပဒေနဲ့အညီလုပ်ဖို့ ကော်မတီကို ရှင်းပြခဲ့တယ်။ ၉ တန်း ၁၀ တန်းအတွက် ဌာနသတ်မှတ် ထားတဲ့ ပုံစံဝင်အောင်လုပ်ပါ။ လိုအပ်တာတွေ ကူညီပါ့မယ်။ တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဖို့။ ဖြစ်အောင် လုပ်စေချင်တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးသိန်းက ပြောသည်။


လူထုပုံရိပ်သတင်းဂျာနယ်

0 comments:

Post a Comment