Tuesday, February 6, 2018

ဂျပန် တိုက်ခိုက်ရေးရဟတ်ယာဉ် ပျက်ကျ၊ ၁ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံး


ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဆာဂါကန်ကျွန်းမှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ဂျပန်မြေပြင်ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့လို့ ရဟတ်ယာဉ်ပေါ် လိုက်ပါခဲ့သူတဦး သေဆုံးပြီး တဦး ပျောက်ဆုံးနေပါတယ်။
ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ဒေသခံနေအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့သလို အနီးက အိမ်တွေကိုလည်း မီးစွဲခဲ့ပြီး အနည်းငယ် ပျက်စီးမှု ရှိခဲ့ပါတယ်။

မီးလောင်ပြီး လုံးဝပျက်စီးသွားတဲ့ နေအိမ်မှာ နေထိုင်သူ လေးဦးလုံး ဘေးကင်းခဲ့ပြီး မိန်းကလေးငယ်တဦး ဒူးမှာ ပွန်းပဲ့မှုအနည်းငယ်သာ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ မူလတန်းကျောင်းနဲ့ မီတာ ၃၀၀ သာကွာဝေးတဲ့ နေအိမ်တလုံးပေါ်ကို ပျက်ကျခဲ့တာဖြစ် ပါတယ်။

ပုံမှန်စစ်ဆေးမှုပြုလုပ်ပြီး စမ်းသပ်ပျံသန်းချိန်မှာ အခုလို ပျက်ကျခဲ့တာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပျက်ကျခဲ့တဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ AH-64D အပါချီအမျိုးအစားဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB


0 comments:

Post a Comment