လွှတ်တော်ကိုယ်စားလှယ်တွေက အောက်ခြေပကတိမြေပြင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုဆွေးနွေး တဲ့အခါမှာ အစိုးရဝန်ကြီးဌာနတချို့က အနာပေါ်တုတ်ကျတာ ရှိနေတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
ကိုယ်စားလှယ်တွေ ဆွေးနွေးရတယ်ဆိုတာ လွှတ်တော်နဲ့ အစိုးရအကြား အပြန်လှန် ထိန်းကြောင်းတဲ့ သဘောအရ ဆွေးနွေးတာဖြစ်တယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။
“အဲ့လိုဆွေးနွေးတာကို တချို့ဝန်ကြီးဌာနတွေအနေနဲ့ သူတို့ဌာနကို ဝေဖန်တယ်။ ထိုးနှက်တယ်ထင်ရင် ကိုယ်စားလှယ်တွေ ဆွေးနွေးလို့မရအောင်၊ မေးမြန်းလို့မရအောင်၊ အဆိုတင်လို့မရအောင်၊ ဝေဖန်ထိုးနှက် လို့ မရအောင်၊ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့ အညီ မှန်မှန်ကန်ကန် လုပ်ဖို့လိုပါတယ်။ မှန်မှန်ကန်ကန် မလုပ်ရင်တော့ ဒီအခွင့်အရေးဟာ ကိုယ်စား လှယ်တွေမှာ ရှိနေပါတယ်။ ဒါက Chack and Balance သဘော၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ၁၁(ဃ) က ပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာပါ။ အဲ့ဒီအာဏာကို မသုံးစွဲစေချင်ရင် ကိုယ့်ဘက်က ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းအတိုင်း လုပ်ကြဖို့လိုတယ်။ ဒါကိုလည်း အဲ့လိုဖြစ်တဲ့ တချို့ဝန်ကြီးဌာနကို ရှင်းရှင်းလင်း လင်း အသိပေးလိုပါတယ်။”
ဖေဖော်ဝါရီ ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ချန်လှပ်ခံရတဲ့ ညောင်လေးပင်မြို့ကို ခရိုင်အဆင့်တိုးမြှင့်ဖို့ကိစ္စနဲ့ ဖက်ဒရယ်စနစ်အား ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွဲခဲ့လျှင် ညောင်လေးပင်မြို့ကို ခရိုင်အဆင့် ထည့်သွင်းရေးဆွဲရန် အစီအစဉ်ရှိမရှိ၊ မေးခွန်းကိစ္စနဲ့ ပတ်သက်ပြီးလည်း နည်းဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် မေးခွင့်မပြုတာဖြစ်တဲ့အကြောင်း ရှင်းလင်းပြောဆိုရင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အခုလိုပြောဆိုခဲ့တာပါ။
DVB
0 comments:
Post a Comment