Tuesday, February 20, 2018

ပျက်ကျခဲ့သည့် အီရန်လေယာဉ် အပိုင်းအစများ ပြန်ရှာတွေ့


ခရီးသည် ၆၅ ဦးနဲ့အတူ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပျက်ကျခဲ့တဲ့ အီရန်လေယာဉ်ရဲ့ အပိုင်းအစတွေကို အီရန်နိုင်ငံအလယ်ပိုင်းမှာ ပြန်ရှာတွေ့ပြီလို့ အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။ အပိုင်းအစတွေကို စေမီရွန် စီရင်စု ဒန်ဂက်ဇ်လူမြို့နားမှာ ရှာတွေ့ခဲ့တယ်လို့ ဘိုယာအာမဒ် ခရိုင်ရဲ့ ဒု-အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး အစိုးရမီဒီယာက ပြောပါတယ်။
 
အာဆေမန် လေကြောင်းလိုင်းက လေယာဉ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြို့တော် တီဟီရန်ကနေ ပျံတက်လာအပြီး နိုင်ငံအနောက်တောင်ပိုင်းက ယာဆွတ်ခ်ျမြို့ကိုအသွား မိနစ် ၅၀ အကြာမှာ  ပျက်ကျခဲ့ တာပါ။

စစ်တပ်နဲ့ လခြမ်းနီအသင်းတို့က ရဟတ်ယာဉ်တွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ လုပ်အားပေးတွေက ပျက်ကျတဲ့ လေယာဉ်ကို ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် ရှင်သန်ကျန်ရစ်သူ မရှိဘူးလို့ အစိုးရရုပ်သံက ကြေညာ ပါတယ်။

အင်ဂျင် ၂ လုံးတပ် ATR 72 လေယာဉ်ဟာ သက်တမ်း ၂၄ နှစ် ကျော်ပါပြီ။ ၆ နှစ်လောက် သိမ်းထားအပြီး ကျန်ခဲ့တဲ့ ၃ လကမှ ပျံသန်းမှု ပြန်စခဲ့တဲ့ လေယာဉ်လို့ လေကြောင်းခရီးစဉ် ဘေးကင်းရေး ဖောင်ဒေးရှင်းရဲ့ aviation-safety.net အင်တာနက် စာမျက်နှာက ဆိုပါတယ်။

လေယာဉ်တည်ဆောက်သူ ATR ကုမ္ပဏီကတော့ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ပြောပါတယ်။

အီရန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လေယာဉ်ပျက်ကျမှု အတော်များများကို ရင်ဆိုင်ခဲ့ရပါတယ်။

လေယာဉ်အသစ်တွေ ဒါမှမဟုတ် လေယာဉ် အပိုပစ္စည်းအသစ်တွေကို ပြည်တွင်း တင်သွင်းခွင့်မရအောင် ဟန့်တားထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်လို့ အီရန်အစိုးရက ပြောဆို အပြစ်တင်ခဲ့ပါတယ်။


DVB

0 comments:

Post a Comment