Sunday, February 18, 2018

ကယားပြည်နယ်တွင် NLD ပါတီသို့ ပါတီဝင်အဖြစ် လူထောင်ချီ ၀င်ရောက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သို့ ရွာလုံးကျွတ်များ အပါအ၀င် ပါတီဝင်အဖြစ် ကယားပြည်နယ် လွိုင်လင်လေးမြို့တွင် လူထောင်ချီဝင်ရောက်ခဲ့ကြပြီး ပါတီအဆိုပြုလွှာပေးအပ်ပွဲတစ်ခု ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြုလုပ်ခဲ့ကြသည်။
ရွာလုံးကျွတ် ၁၂ ရွာအပြင် စုစုပေါင်း ရွာ ၂၄ ရွာမှ ပြည်သူ ၂၃၉၀ ဦး ပါတီသို့ဝင်ရောက်မည်ဖြစ်ကြောင်း သိရပြီး အဆိုပြုလွှာပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဆိုပြုလွာပေးအပ်ပွဲကို ကယားပြည်နယ်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများမှ ဦးဆောင်ပြီး ကယားပြည်နယ်စည်းရုံးရေးအဖွဲ့မှပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။

“ အခုဟာက ကျွန်တော်တို့ ၈၈ မျိုးဆက် အင်အားစုတွေနဲ့ ကျေးရွာက စိတ်ပါဝင်စားတဲ့ပြည်သူတွေ မျိုးဆက် သစ် လူငယ်တွေပါဝင်ပြီးတော့ အဆိုပြုလွှာပေးအပ်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပေးအပ်တဲ့ပွဲ ဖြစ်ပါ တယ်။ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမတစ်ကြိမ်ကတော့ လွိုင်ကော်မြို့မှာ ၂၀၁၇ ခုနှစ် ၈လပိုင်းတုန်းကလုပ်ဖူးပါတယ်။ အခုကတော့ ဒုတိယအကြိမ်အဆိုပြုလွှာပေးအပ်ပွဲပါ ” ဟု ကယားပြည်နယ် ၈၈ မျိုးဆက် ကျောင်းသားဟောင်း အင်အား မှတာဝန်ရှိသူ ကိုသက်နောင်ထွန်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက  အဆိုပါ အခမ်းအနားမျိုး ဆက်တိုက်ဆက်တိုက် ဆောင်ရွက်ရမည့်အခြေအနေဟု အဆိုပါ NLD ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ လှုပ်ရှားမှုတိုင်းက ပြည်သူလူထုနဲ့ ဒီမိုကရေစီကိုဦးတည်ပြီးတော့ လှုပ်ရှားတာ ကျွန်တော်တို့ လှုပ်ရှားတာ မှန်သမျှဟာ ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်လှုပ်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားမှုလို့ အဲ့လိုမှတ်ယူပါ ”   ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အဆိုပါပွဲကို ကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က္တဋ္ဌနှင့် ပါတီဝင်များ၊ ကယားပြည်နယ် ၈၈ မျိုးဆက်အင် အားစုများနှင့် ဒေသခံ ၄၀၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment