Monday, February 26, 2018

စစ်တွေမိုင်းကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူလေးဦးကို ရုံးထုတ်


စစ်တွေမြို့တွင် ချိန်ကိုက်မိုင်း သုံးလုံးပေါက်ကွဲမှုကြောင့် သံသယရှိသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်း သားဟောင်း တစ်ဦးအပါအဝင် အမျိုးသားလေးဦးကိုဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်တရားရုံးတွင် ရုံးထုတ်ကာ ချုပ်ရမန် ရယူစစ်ဆေးနေကြောင်း ဖမ်းဆီးခံရသူများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်က နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနိုင်စိုး (၄၀ နှစ်)၊ သဲကျောက်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးမောင်သန်းရွှေ (၄၆ နှစ်)၊ လမ်းသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေထွန်းအောင် (၆၀ နှစ်) နှင့် လက်သမား ဦးမောင်ဦးမြင့် (၄၂ နှစ်)တို့ကို စစ်တွေမြို့ အမှတ်(၁) ရဲစခန်းက ဖမ်းဆီးထားကြောင်း၊ ၎င်းတို့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) (ဈ) ဖြင့် ဆက်လက် စစ်ဆေးရန် တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်း ရမန်ယူချိန်တွင် တရားရုံးတွင် ရှိနေသူ တရားလွှတ်တော်ရှေ့နေတစ်ဦးထံမှ သိရ သည်။

“ကျွန်တော်တို့ တိုင်းပြည် ပြောင်းလဲဖို့ ကြိုးစားနေကြတဲ့အချိန်၊ ဒီနေ့ထိ မပြောင်းသေးဘူး၊ ကျွန်တော်တို့ တော်တော် နစ်နာပါတယ်။ ကျွန်တော့်မှာ ပြစ်မှုရှိခဲ့တယ်ဆိုတိုင်း ဒီလိုလုပ်ရမယ်ဆိုရင် တိုင်းပြည်မှာ လူတိုင်း တရားခံဖြစ်နေရမှာလား၊ သူတို့အသုံးမကျလို့ သူတို့လုပ်တာကို ကျွန်တော်တို့က ခံနေရတယ်”ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနိုင်စိုးက ပြောသည်။

ဦးနိုင်စိုး(၄၀ နှစ်)သည် လက်ရှိတွင် ရခိုင်အမျိုးသားကောင်စီ(ANC) မှ ဗဟို ကော်မတီဝင်တစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်က အကြမ်းဖက် ဖောက်ခွဲမှုများနှင့် ပတ်သက်သည်ဟုဆိုကာ ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခံခဲ့ ရသော်လည်း လေးနှစ်ခွဲဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း၊ လက်ရှိတွင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များမှာ ပါဝင်လုပ်ဆောင်နေသူလည်းဖြစ်ကြောင်း ၎င်း၏ညီမ ဒေါ်ချစ်အိလှိုင်ထံမှ သိရသည်။

“သူ့ကို ဖောက်ခွဲတာတွေနဲ့ ပတ်သက်တယ်ဆိုပြီးတော့ အပြစ်ပေးခဲ့ပြီးပြီ၊ အခုဆိုရင် ပင်လုံညီလာခံတွေကို လည်း တက်ရောက်ပြီးတော့ ငြိမ်းချမ်းရေး လုပ်နေတယ်။ ဒါကို အခုဖြစ်တာနဲ့ ဆက်စပ်မှုရှိလားလို့ စဉ်းစား သင့်တယ်။ စိုးရိမ်တာက အစ်ကိုက ကျန်းမာရေး မကောင်းဘူး”ဟု ဒေါ်ချစ်အိလှိုင်က ပြောသည်။

အပြစ်ရှိသူကို အပြစ်ဒဏ်ပေးစေလိုပြီး အပြစ်မရှိသူကို ပြန်လည် လွှတ်ပေးစေလိုကြောင်း၊ ၎င်းမကျူး လွန်သော်လည်း တရားခံဖြစ်နေသည့်အတွက် လူတစ်ဦးအနေနှင့် နစ်နာကြောင်း ဖမ်းဆီးခံထားရသူ ဦးမောင်သန်းရွှေက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းက ဦးမောင်ဦးနေအိမ်တွင်ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ပစ္စည်းများကို ရှာဖွေစစ်ဆေးရာ လေးခွပစ်ရန်ထားသော ဘောစေ့ အလုံး ၅၀ ကိုသိမ်းဆည်းသွားကြောင်း၊ ခင်ပွန်းသည်ဦးမောင်ဦးမြင့်မှာအဆုတ်မကောင်းသဖြင့် ကျန်းမာရေး အတွက် စိုးရိမ်ကြောင်း၊ ဖမ်းဆီးခံထားရသူများကို ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက မိသားစုဝင်များနှင့် တွေ့ခွင့်ရကြောင်း ဦးမောင်ဦး၏ဇနီး ဒေါ်ဝင်းဆန်းက ပြောသည်။

ဖမ်းဆီးခံရသော လေးဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို ပြောဆိုခြင်းမရှိဘဲ စစ်ဆေးမေးမြန်း ရန် ရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ရဲစခန်းသို့ ရောက်မှသာ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ဆေးခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အိမ်၊ ပြည်နယ် တရားလွှတ်တော် ရုံးရှေ့နှင့် ပြည်နယ် မြေစာရင်း ဦးစီးဌာနရုံးရှေ့တွင် ချိန်ကိုက်မိုင်း သုံးလုံးပေါက်ကွဲခဲ့ကြောင်း၊ ယင်းပေါက် ကွဲမှုကြောင့် လုံခြုံရေး အဆောင်၊ ကားနှစ်စီး မှန်ကွဲခြင်း၊ ပြတင်းပေါက်မှန်ကွဲခြင်း၊ တရားလွှတ်တော်ရုံးရှေ့ ထရန်စဖော်မာ ပျက်စီးခြင်းနှင့် တရားလွှတ်တော်ရှေ့ရုံးမှ မှန်များကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ သည်။

The Voice

0 comments:

Post a Comment