Monday, February 19, 2018

၂၁ ပင်လုံ တတိယအကြိမ်ကျင်းပမည့် ရက်အား ထပ်မံရွှေ့ဆိုင်း


ဖေဖော်ဝါရီလအတွင်း၌ ကျင်းပရန် လျာထား ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား မတ်လအတွင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း အစိုးရ ငြိမ်းချမ်းရေးကော် မရှင် (PC) မှ ဦးအောင်စိုးက The Ladies News သို့ ပြောကြားသည်။
မူလက ဇန်န၀ါရီလအတွင်း၌ကျင်းပရန် ရည်မှန်းထားသော်လည်း အပစ်ရပ် လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ညှိနှိုင်းရာတွင် အဆင်မပြေမှု တချို့ရှိခဲ့သောကြောင့် ဖေဖေါ်လအတွင်း သို့ ရွှေ့ဆိုင်းခဲ့ကာ ယခုအခါ လာမည့် မတ်လအတွင်းမှသာ ကျင်းပရန် ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA တွင် လက်မှတ်ရေးထိုးလိုက်သော  မွန်ပြည်သစ်ပါတီ(NMSP) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ မပြီးပြတ်သေးသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးပြတ်သည့် အချိန်မှသာ ကျင်းပနိုင်လိမ့်မည်ဟု ဦးအောင်စိုးက ပြောကြားသည်။

`ဖေဖော်ဝါရီလထဲ မဖြစ်နိုင်တော့ မတ်လထဲ ရောက်သွားပါလိမ့်မယ်။ မွန်ပြည်သစ်လည်း လက်မှတ်ထိုး ထားပြီ ဆိုတော့ မွန်ပြည်သစ်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်အောင်၊ ပြီးတော့ RCSS လည်း ပြီးပြတ်အောင် လုပ်နိုင်ပြီးမှ အဲဒီအချိန် ကျင်းပနိုင်လိမ့်မယ် ထင်ပါတယ်´ ဟု ၄င်းကပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲများ ပိတ်ပင်ခံခြင်းရကြောင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် လင်းခေးမြို့တွင် ကျင်းပမည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းထားသည်။

NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နို်င်ငံရေး ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများ ကန့်သတ်ပိတ်ပင် ခံရခြင်းများနှင့် ပတ်သက်သည့်  ဖြေရှင်းရန် ကိစ္စရပ် များအတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဆက်လက် လုပ်ဆောင်သွားမည်ဟု NCA တွင် လက်မှတ်ထိုးထားသော တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) များကလည်း ကြေညာချက် ထုတ်ပြန်ထားသည်။

NCA တွင် လက်မှတ်ရေးထိုးခဲ့သည်မှာ နှစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) သည် ယနေ့အချိန်ထိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ကျင်းပခွင့် မရသေးပေ။ ပြီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် နိုင်ရေး ကဏ္ဍမှ သဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍမှ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍမှ သဘောတူညီချက် ၄ ချက်နှင့် မြေယာနှင့် သဘာဝ ပတ်ဝန်ကျင်း ကဏ္ဍမှ သဘောတူညီချက် ၁၀ ချက် စုစုပေါင်း အချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူညီမှုစာချုပ်၏ အစိတ်အပိုင်း(၁)အဖြစ် လက်မှတ်ရေး ထိုးနိုင်ခဲ့သည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment