Thursday, February 22, 2018

နိုင်ငံတော်အတိုင်ပင်ခံနှင့် တိုင်းရင်းသားလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်း မော်လမြိုင်တွင် ကျင်းပမည်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်း ကို မော်လမြိုင်တက္ကသိုလ်တွင် ယခုဖေဖော်ဝါရီလထဲတွင်ပင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရဖွဲ့မှ သိရသည်။
အဆိုပါစကားဝိုင်းကို လာမည့်ဖေဖော်ဝါရီလ ၂၅ ရက်နေ့နောက်ပိုင်းတွင် ကျင်းပရန် လျာထားပြီး မွန်ပြည် နယ်မှ လူငယ်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“ငြိမ်းချမ်းရေးစကားဝိုင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်တွေဆွေးနွေးကြမှာပါ။လူငယ်တွေ ဆိုတာကလည်း မွန်ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားလူမျိုးရေးတွေအကုန်လုံးကို ကိုယ်စားပြုတဲ့လူ ငယ်တွေပေါ့။၂၅ ရက်နေ့နောက်ပိုင်းကို လျာထားပါတယ်” ဟု ၄င်းကပြောသည်။

ငြိမ်းချမ်းရေးစကားဝိုင်းအပြင် လက်မှုလုပ်ငန်းထွန်းကားသည့် ချောင်းဆုံမြို့နယ်မှ ရွာလွတ်ရွာကိုလည်း သွားရောက်လေ့လာဦးမည် ဖြစ်ကြောင်းသိရသည်။

စီးပွားရေးနှင့်ပညာရေးဖွံ့ဖြိုးမှု နှောင့်နှေးခြင်းသည်လည်း တိုင်းပြည်မငြိမ်းချမ်းသည့်အချက်တစ်ချက်ဖြစ် သည့်အတွက် ယင်းအကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားလူမျိုးများ မော်လမြိုင်ကိုယ်စားပြုအဖြစ်ဝင်ရောက်ဆွေးနွေးမည့် စောစိုးသန်းက ပြောကြားသည်။

“ငြိမ်းချမ်းရေးနဲ့ဆက်စပ်နေတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေး၊စီးပွားရေးအပိုင်းကိုလည်း ပါဝင်ဆွေးနွေးဖို့စဉ်းစားထားပါတယ်။မွန်ပြည်နယ်အနေနဲ့ပြောရရင် ငြိမ်းချမ်းရေးကတော့ မွန်ပြည်သစ် ပါတီလည်း NCA လက်မှတ်ထိုးထားပြီးပြီဆိုပေမယ့် ကျန်တဲ့ ဖွံ့ဖြိုးရေးအပိုင်းတွေလုပ်ဆောင်ဖို့လိုပါတယ်။” ဟု ၄င်းကပြောကြားသည်။

မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုကဲ့သို့လာရောက် ဆွေးနွေးခြင်းကိုဝမ်းသာကြိုဆိုပြီး မွန်ပြည် နယ်ကို လျစ်လျူမရှုထားသည့်အတွက်လည်း အတိုင်းမသိဝမ်းသာကြောင်း ၄င်းကပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) ကိုလက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီကို သံဖြူဇရပ်မြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လူထုထောက်ခံပွဲတစ်ခုပြုလုပ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မွန်ပြည်သစ်ပါတီ NCA စာချုပ်တွင် လက်မှတ်ထိုးပြီးနောက်ပိုင်း မွန်ပြည်နယ်သို့ ပထမဦးဆုံးလာရောက်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ဒီဇင်ဘာလ ကလည်း ကယားပြည်နယ်တွင် လူငယ် ၈ ဦးနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပခဲ့သည်။

CL
ပုံစာ - ၂၀၁၇ ခုနှစ်၊ဒီဇင်ဘာလက ကယားပြည်နယ်တွင် ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပခဲ့စဉ်က
Popular News Journal

0 comments:

Post a Comment