Thursday, February 22, 2018

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရရှိသော လူမျိုးများ စာရင်းမှာ အငြင်းပွားဖွယ်ရာများရှိ ၊ သမ္မတရုံးနှင့် အစိုးရအဖွဲ့ထံ တင်ပြထား ဟုဆို


၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူမျိုးများစာရင်းမှာ အငြင်းပွားဖွယ်ရာများရှိသဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည် ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး အဆင့်ဆင့်ဆွေးနွေးမှုများ ပြုလုပ်ပြီးမှ ထုတ်ပြန်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ဖေဖော်ဝါရီ ၂၁ ရက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဦးရှန်အောရ်က ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည်မှာ သုံးနှစ် ကျော်ကြာလာ ပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏လူ ဦးရေနှင့် ပတ်သက်၍လူမျိုးအလိုက်၊ လူမျိုးစုအလိုက်ရလဒ်ထုတ် ပြန်ခြင်း မရှိသေးသဖြင့် မည်သည့်အချိန် တွင် ထုတ်ပြန်ပေးမည်ကို သိလိုကြောင်း မေးမြန်းမှုအပေါ် ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက''၂ဝ၁၄ ခုနှစ်သန်းခေါင်စာရင်းမှ ကောက် ယူရရှိသော လူမျိုးစာရင်း များမှာ တိုင်းရင်းသားများ၊ လူမျိုးများပါဝင်မှုစာလုံး ပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသား ဖြစ်ခြင်း၊ မဖြစ်ခြင်းစသည့်ကိစ္စရပ်များမှာ အငြင်းပွားဖွယ်ရာများရှိနေပါတယ်။

ညှိနှိုင်းဆွေးနွေးမှုစဉ်ဆက်မပြတ်ပြုလုပ်ဖို့လည်း လိုအပ်နေတာတွေ့ရှိရပါတယ်။ အငြင်းပွားဖွယ်ကိစ္စရပ်ကို ညှိနှိုင်းမှုများပြု လုပ်ပြီးမှသာလျှင် ထုတ်ပြန်သွားရန် လျာထားပါတယ်။ ဆွေးနွေးညှိနှိုင်းမှုများပြု လုပ်ရန် အတွက် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထား ပြီးဖြစ်ပါတယ်''ဟု ပြောသည်။

၂ဝ၁၄ ခုနှစ်သန်းခေါင်စာရင်း မ ကောက်ယူမီနှင့် ကောက်ယူပြီးကာလများတွင် လူမျိုးအမည်၊ ဖွဲ့စည်းမှု၊ လူမျိုးအုပ်စုများနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ကိစ္စရပ်များဆိုင်ရာ တင်ပြချက်များကို လက်ခံရရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။ ဥပမာအားဖြင့် သီးခြားမျိုးနွယ်စု တစ်စုဖြစ်ပြီး မျိုးနွယ်စုကြီးတွင်မပါ ဝင်ကြောင်း တင်ပြချက်၊ လူမျိုးစု၏ အမည်မှန်၊ ကိုယ်ပိုင်အမည်ကို မူရင်းအတိုင်းမှန်ကန်စွာ ရေးသား သုံးနှုန်းနိုင်ရေး တင်ပြချက်၊ လူမျိုးစုတစ်ခုမှ အခြားတစ်ခုသို့ပြောင်းရွှေ့ပေးရန် တင်ပြချက်၊ ကချင်လူမျိုးစု တွင် လူမျိုး ၁၂ မျိုးအစား ခြောက်မျိုးသာရှိကြောင်း တင်ပြချက်၊ ကရင်လူမျိုးစုတွင် လူမျိုး ၁၂ မျိုး အစား ခုနစ်မျိုးသာရှိကြောင်း တင်ပြချက်၊ ချင်းလူမျိုးစုတွင် လူမျိုး ၅၃ မျိုးမရှိ ကြောင်း တင်ပြချက်များဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက် ယူရာတွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းတင်ချက်အရ လူမျိုး ၁၃၅ မျိုးကို အခြေခံဆောင်ရွက်ထားခြင်းဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းအရ လူမျိုးအမည် ဖြည့်သွင်း ရာတွင် ဖြေဆိုသူမှပြောကြားသည့်အတိုင်းသာ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YM, MO
#democracytoday

0 comments:

Post a Comment