Monday, February 19, 2018

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော အရေးကိစ္စများသည် ရခိုင်ပြည်နယ် တစ်ခုတည်း၏ အရေးကိစ္စမဟုတ်ဘဲ ပြည်ထောင်စုတစ်ခုလုံး၏ အရေးကိစ္စဖြစ်


ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော အရေးကိစ္စများသည် ရခိုင်ပြည်နယ် တစ်ခုတည်း၏ အရေးကိစ္စ မဟုတ်ဘဲ ပြည်ထောင်စုတစ်ခုလုံး၏ အရေးကိစ္စဖြစ်ပါသည်။ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်ထောင်စု တစ်ခုလုံး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအရေးပါသော အချက်ဖြစ်ပါသည်ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာ တွင် ဖော်ပြထားခြင်း ဖြစ်သည်။
 
အဆိုပါ အစီရင်ခံစာတွင် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် ဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် လုပ်ဆောင်ရန် များစွာရှိနေပြီး အစိုးရအနေဖြင့် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်းများ၊ ရခိုင်ပြည်နယ်ဖွံ့ ဖြိုးတိုးတက်မှု စီမံကိန်း များဖြင့် ဆောင်ရွက်နေပါသည်။ ထိုဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းနှင့်လည်း ဆက်စပ် ကိုက်ညီ လျက်ရှိပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ကြားဖြတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ပြီး နောက် အစီရင်ခံစာပါ အကြံပြုချက်များကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အလိုက် အကောင်အထည်ဖော်ဆောင် ရွက်နေရာမှ အရှိန်အဟုန်မြှင့်တင်နိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်အစိုးရက ကော်မတီဝင် ၁၉ ဦးဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါသည်။ ယင်းကော်မတီ၏ အကောင် အထည်ဖော် ဆောင်ရွက်မှုများကို လေးလလျှင်တစ်ကြိမ် ပြည်သူသို့ အစီရင်ခံစာ တင်ပြရမည် ဖြစ်ပါသည်။ 

ယခုအစီရင်ခံစာတွင် ကော်မတီ မဖွဲ့စည်းမီ ၂၀၁၇ ခုနှစ် ဧပြီလ၁ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့သော အကောင်အထည်ဖော်မှုများ အပါအဝင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု များကို ထည့်သွင်း တင်ပြထားပါသည်ဟု ပါရှိသည်။

ယင်းအပြင် ရခိုင်ပြည်နယ် ဒေသခံပြည်သူများ ပိုမိုအကျိုးခံစားခွင့် ရရှိနိုင်စေရန် ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ၇-၇-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူးရုံးကို ၃၀-၁၀-၂၀၁၇ ရက်နေ့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ မွေးမြူရေးနှင့် ရေလုပ်ငန်း ခြောက်ခု၊ ဆောက်လုပ်ရေးလုပ်ငန်း နှစ်ခု၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၁၁ ခု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ သတ္တုတူးဖော်ရေး လုပ်ငန်းတစ်ခု၊ စွမ်းအင် လုပ်ငန်း ၂၇ ခု၊ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခု ဆောင်ရွက်ခွင့်ပြု နိုင်ခဲ့ကြောင်း လည်း ထုတ်ပြန်ထားသည်။

Credit - ပြန်ကြားရေးဝန်ကြီးဌာန
The Ladies News

0 comments:

Post a Comment